ယူနိုက်တက်ရဲ့ဒုတိယလှိုင်းပဲ့ကိုင်ရှင် (သို့) အလက်စ်ဖာဂူဆန်၏ ခေါင်းဆောင်မှုအနုပညာ
ဖာဂီနှင့်ပက်သက်၍ မန်ချက်စတာယူနိုက်တက်၏ပရိတ်သတ်မဟုတ်သောကျနော့်အား အမြဲတမ်းဆွဲဆောင်သော အချက်တစ်ချက်ရှိခဲ့သည်။ ဘော်ဘီချာလ်တန်တို့ဦးဆောင်သည့် ရွှေခေတ် (ထိုကာလကို ယူနိုက်တက်၏ ပထမလှိုင်းရွှေခေတ်ဟု ကျနော်သတ်မှတ်၏) ၁၉၆၈ နောက်ပိုင်းမှစကာ ဆုတ်ယုတ်လာပြီး ၁၉၉၀ မတိုင်ခင်အထိ နောက်ကောက်ကျနေသော မန်ချက်စတာယူနိုက်တက်အသင်းကို ယခုလိုဂန္ဓဝင်အသင်းဖြစ်အောင် သူဘယ်လိုလုပ်ခဲ့သနည်းဆိုသည့်အချက်ဖြစ်၏။ သူတာဝန်ယူခဲ့သည့် ၂၇ နှစ်တာကာလအတွင်း ယူနိုက်တက်အတွက် ဆုဖလားပေါင်း ၃၈ လုံးတိတိကို သူဦးဆောင်ကာ ရယူပေးနိုင်ခဲ့သည်။ (သူကိုင်တွယ်ခဲ့သည့်ထိုကာလကို ယူနိုက်တက်၏ ဒုတိယလှိုင်းရွှေခေတ်ဟု ကျနော်ခေါ်ချင်သည်)။ “ဆုတံဆိပ်ပေါင်း ၁၀ခုလောက် မင်းတို့လက်ထဲမရှိဘဲနဲ့တော့ ကိုယ့်ကိုယ်ကိုယ် ယူနိုက်တက်ရဲ့ကစားသမားလို့ ဘယ်တော့မှမသတ်မှတ်နဲ့” ဆိုသည်မှာ သူ၏လက်သုံးသတိပေးစကားဖြစ်၏။ ထို့ပြင် ဘောလုံးလောကတွင် နောက်ဆုံးမိနစ်ဂိုးသွင်းခြင်းကို “ဖာဂီရဲ့အချိန် — Fergie Time” ဟု သတ်မှတ်ကြသည့်အထိ သူစွမ်းခဲ့၏။ ထို့ကြောင့်လည်း ဟားဗတ်စီးပွားရေးတက္ကသိုလ် (Harvard Business School)က ဖာဂီကိုတကူးတကဖိတ်ကြားကာ သူတို့ကျောင်းတွင်စာသင်စေသည့်အထိ သူ၏အုပ်ချုပ်မှုစွမ်းရည်၊ ခေါင်းဆောင်မှုအရည်အသွေးသည် ပေါက်မြောက်ခဲ့သည်။
သူမရှိတော့သည်မှစတင်ကာ ယခုယူနိုက်တက်အသင်းသည် ပြန်လည်ဆုတ်ယုတ်လာသည့်သဘောရှိနေသည်။ သူ့နောက်ပိုင်းတွင်ရရှိသော မစို့မပို့ဆုဖလားနှင့်အောင်ပွဲဆိုသည်မှာ အမှန်တကယ်တော့ ဖာဂီကိုယ်တိုင်က သိပ်မကြိုက်လှသော ငွေများများသုံးပြီးမှ ရသည့်အောင်မြင်မှုဖြစ်၏။ သူယုံကြည်ချက်မှာ ရီးရယ်မက်ဒရစ်လိုအသင်းသည် အကောင်းဆုံးကစားသမားများကို သူတို့၏ကစားအားအတက်ဆုံးအချိန်တွင် ငွေကိုရေလိုသုံးပေးဝယ်ကာ အောင်မြင်မှုကိုရယူသည်။ ယူနိုက်တက်သည်ထိုသို့သောအသင်းမျိုးမဟုတ် ယူနိုက်တက်သည်အောင်မြင်မှုကို ကိုယ့်ရှိသည့်အရင်းအမြစ်ဖြင့် မဆုတ်မနစ်ကြိုးစားအားထုတ်ကာ ရယူနိုင်သည့်အသင်းဖြစ်သည်။ သူသည် အောင်နိုင်မှု (winning)ကို အထူးတပ်မက်သည်။ အရှုံးသမား (losers)ကို အလွန်အမင်းစက်ဆုပ်သည်။ ၁၉၉၉ ချံပီယံလိဂ်ဖလားဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ်ကို ၁-၀ ဖြင့်ရှုံးနေချိန်တွင် သူ့ကစားသမားများကို “မင်းတို့အရှုံးသမားဖြစ်လို့ကတော့ ဟောဟိုမှာထောင်ထားတဲ့ဆုဖလားကို လက်ဖျားထိပ်နဲ့တောင် တို့ထိဖို့ စိတ်မကူးနဲ့။ အရှုံးသမားတွေ အဲ့ဖလားဘေးကပဲကပ်ပြီး အရင်ဆုံးလမ်းဖြတ်လျောက်ခွင့်ရမယ်။ တကယ့်ဖလားကိုထိခွင့်ရှိသူက ပြီးမှမင်းတို့အနောက်ကလျောက်လာမယ့်ကောင်တွေ။ အဲဒါမှတ်ထား။” ဆိုသည်မှာ သူ၏ချက်ကျသောနောက်ဆုံး သတိပေးစကားဖြစ်၏။ ရလဒ်ကား နောက်ဆုံးမိနစ်တွင်မှ ယူနိုက်တက်သည် အနိုင်ဂိုးများသွင်းပြီး အောင်မြင်မှုကိုရယူကာ ဘောလုံးကမ္ဘာကို ကိုင်လှုပ်ပြနိုင်ခဲ့သည်။ထို့ကြောင့် “ပြိုင်ဘက်အသင်းတွေထက် ပို၍အားမထုတ်တော့ရင် အဲဒီအသင်းဟာ ယူနိုက်တက်မဟုတ်တော့ဘူး” ဟု သူဆိုခြင်းဖြစ်သည်။ “No club is bigger than United”သည် ဖာဂီ၏ အိုင်ဒီယိုလိုဂျီလည်းဖြစ်၏။
အသက် ၁၈-၃၅ နှစ်အတွင်းမှ လူငယ်၊ လူလတ်ပေါင်းများစွာ များစွာကို သူအစွမ်းကုန်အရည်ညှစ်ထုတ်တတ်ခဲ့သည်။ သူယူဆောင်ခဲ့သည့်အောင်မြင်မှုများ၏ အဓိကသော့ချက်မှာ “စည်းကမ်းသေဝပ်ခြင်း (discipline)” ဖြစ်သည်ဟု သူယုံကြည်သည် ဆို၏။ စည်းကမ်းသေဝပ်ဖို့အတွက်ဆိုလျှင် ဆုဖလားမရလည်းသူဂရုမစိုက်ချေ။ အဘယ်ကြောင့်ဆိုသော် ရေရှည်တွင် စည်းကမ်းသေဝပ်သောအသင်းသာ အောင်မြင်သည်ဟုသူယူဆသည်။ အလွန်တော်သည် စည်းကမ်းမသေဝပ်၊မလိုက်နာသော ကစားသမားထက် သိပ်မတော်နေ စည်းကမ်းသေဝပ်၊လိုက်နာသောသူကိုသာ သူပိုနှစ်သက်သည်။ ဖာဂီသည် “စစ်မှန်သောအောင်မြင်မှုဆီကို ခုန်ပျံကျော်လွား၍မရောက်နိုင်၊ တဆင့်ခြင်းစီ၊ တစ်လှမ်းခြင်းစီသာ စနစ်တကျသွားရမည်”ဟု ခံယူသူဖြစ်၏။
သူအနားယူသွားသောအချိန်အထိ ယူနိုက်တက်အတွက် တတိယမြောက် ချံပီယံလိဂ်ဖလားနောက်ထပ်တစ်လုံး သူယူပေးချင်နေခဲ့သေးသည်။ ထိုစဉ်က သူထွက်သည့်အချိန်မှာရှိနေသော လူအင်အားနှင့်ပင် နောက်ထပ်၊နောက်ထပ် အောင်မြင်မှုဆုဖလားတွေကို ထပ်မံယူနိုင်သေးသည်ဟု သူပြင်းပြင်းပြပြယုံကြည်နေဆဲဖြစ်၏။ သူ၏ရည်မှန်းချက်မှာ ချံပီယံလိဂ်ဖလား အနည်းဆုံး ၅လုံးခန့် ယူရန်ဖြစ်၏။ သူ့ရည်မှန်းချက်မပြည့်လိုက်ချေ၊ သူ့လက်ထက်တွင် ထိုဖလား၂လုံးသာ ရခဲ့၏။ ချံပီယံလိဂ်တွင် ဖလားလက်တစ်လှမ်းအလိုရောက်မှ ရှုံးခဲ့ရသည့်ပွဲများကို ကနေ့အထိ သူမကြေမချမ်းဖြစ်နေဆဲဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် သူတောက်လျောက်လိုက်နေသောစံချိန်မှာ လီဗာဗူးအသင်းဖြစ်၏။ အင်္ဂလန်အသင်းများထဲတွင် လီဗာပူးအသင်းသည်အအောင်မြင်ဆုံးသောအသင်းဖြစ်သည်။ ချံပီယံလိဂ်ဖလားကိုပင် ၅လုံးတိတိရယူထားနိုင်သည့်အသင်းဖြစ်ရာ ထိုစံချိန်ကိုမချိုးနိုင်ရင်တောင် မှီအောင်တော့သူ့လက်ထက်တွင် ဖာဂီသည်လုပ်ချင်ခဲ့သူဖြစ်၏။ သူသည် ထိုမျှရည်မှန်းချက်ကြီးသူ၊ လောဘကြီးသူဖြစ်၏။
ထိုသို့သောဖာဂီ၏စွမ်းပကားများကို ကျနော်သိချင်ခဲ့သည်။ အထူးသဖြင့် လက်ရှိယူနိုက်တက်အသင်း မရှုမလှဖြစ်တိုင်း၊ ချာတူးလန်တိုင်း၊ နောက်ဆုံးမိနစ်ရင်ခုန်မှုကိုမပေးနိုင်တော့တိုင်း ဒါသည်တကယ့်ယူနိုက်တက်မဟုတ်၊ ဖာဂီ၏ယူနိုက်တက်မဟုတ်။ ဒါသည် အတုအယောင်ယူနိုင်တက်ဖြစ်သည်။ ယူနိုက်တက်သည် နောက်ဆုံးဝီစီခရာမှုတ်ချိန်ထိ အဆိပ်ရှိခဲ့သောအသင်းဖြစ်သည်။ ဖာဂီဘယ်လိုလုပ်ခဲ့ပါလိမ့်ဆိုသည်မှာ ကျနော့်ခေါင်းထဲအမြဲရှိခဲ့သော မေးခွန်းဖြစ်၏။ တိုက်ဆိုင်စွာပင် စာအုပ်ရောင်းတန်းတစ်ခုမှ ဖာဂူဆန်၏ ခေါင်းဆောင်မှုအနုပညာ (Alex Ferguson: Leading)ဆိုသည့် သူကိုယ်တိုင်ရေးထားသည့်စာအုပ်ကို တွေ့ပြီးဝယ်ခဲ့မိကာ ဖတ်ရှု့ခဲ့မိသည်။ စဖတ်သည်မှစတင်ကာ ဖာဂီ၏အနှစ်ပြည့်သော အတွေးအခေါ်၊ လက်တွေ့ကျသောအယူအဆ၊ တိကျသော ကျင့်ဝတ်၊ သံမဏိလိုခိုင်မာသော စည်းကမ်းများကို မှတ်သားရသည်။ မှတ်ရလွန်းသဖြင့် စာအုပ်သည်ရှေ့သို့တော်တော်နှင့်မရောက်နိုင်။ မျှင်းကာ မျှင်းကာဖြင့်ဖတ်ရသည်။ စာအုပ်အဆုံးတွင် ကျနော်သိလိုက်သည့်အချက်မှာ ဖာဂီသည် ယူနိုက်တက်အတွက်မွေးဖွားလာသူဖြစ်၏။ သူ၏ယူနိုက်တက်သည် နောက်တစ်ကြိမ်ပြန်ရဖို့မလွယ်။ သူသည် ကစားသမားများကို ရင်ဝယ်သားကဲ့သို့သဘောထားသော်လည်း တကယ်တော့ အောင်နိုင်မှုနှင့်ပက်သက်လာလျှင် သူသည်ကျောင်းအုပ်ဆရာကဲ့သို့၊ ဗိုလ်ချုပ်တစ်ယောက်ကဲ့သို့ ပြုမူသူဖြစ်၏။ သူသည် သူဖြတ်သန်းခဲ့သည့် ဘဝကျောင်းထဲကပင် ပြန်လည်သင်ယူကာ လက်တွေ့ပြန်လည်အသုံးချနိုင်ခဲ့သူဖြစ်၏။
သူပြောသွားသော ခေါင်းဆောင်မှုနှင့်ပက်သက်သည့် အဓိကအချက်မှာ
“My job is to make everyone understand that the impossible is possible. That’s the difference between leadership and management.” ဖြစ်ပြီး၊ သူကြိုက်နှစ်သက်သည့်ဆောင်ပုဒ်တစ်ခုမှာ
“ငါတို့မရှုံးခဲ့ဘူး၊ အချိန်စေ့သွားလို့သာ မနိုင်တော့တာ” ဟူ၍ဖြစ်၏။ ။
ဆီဆာမင်း။ 😎