အာရှတိုက်ရဲ့ ၂၀ရာစုနောက်ဆုံး ခေါင်းဆောင် လီကွမ်ယူးအတွက် ဝမ်းနည်းမှတ်တမ်း

Remembering Lee Kuan Yew (Photo: Moe Ko Ko)

စင်ကာပူအား ရာစုနှစ်တစ်ဝက်ခန့် ပုံသွန်းပေးဆပ်ခဲ့သော ခေါင်းဆောင်ကြီး လီကွမ်ယူး၏ ဈာပနအခမ်းအနား ကျင်းပသည့် သမိုင်းဝင်ဖြစ်ရပ်တစ်ခု ကျွန်ုပ်ရှေ့မှောက်မှ ဖြတ်ပြေးသွားသည်ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကျွန်ုပ်ကြုံကြိုက်လိုက်ရသည်။ ကျွန်ုပ်ထင်သည် ယခုအချိန်အခါသည် စင်ကာပူတစ်နိုင်ငံလုံး (စင်ကာပူသမိုင်းတွင်) တစ်ခါမှမကြုံဘူးလောက်အောင်ပင် တစ်စည်းတစ်လုံးတည်းဖြစ်စေသည့် အခါသမယလည်းဖြစ်သည်။ လည်းနေလှေအောင်း မြင်းဇောင်းပါမကျန်သလားအောက်မေ့ရအောင်ပင် စင်ကာပူတစ်နိုင်ငံလုံးနီးပါး အပြင်ထွက်လာသည်ကို ကျွန်ုပ်တွေ့ခဲ့ရသည်။ အချို့က တစ်ဦးချင်းအလိုက်၊ အတွဲလိုက်။ တစ်ချို့က မိသားစုလိုက်၊ ခလေးလေးပါမကျန် အသီးသီး၊ အခက်အခဲမျိုးစုံကိုသည်းခံပြီး နေရာပေါင်းစုံတွင် သူ့၏ နောက်ဆုံးခရီးကို ဂါဝရပြုကြ၏။ နှုတ်ဆက်ကြ၏။ ဆုတောင်းပေးကြ၏။ ကျေးဇူးတင်ကြ၏။ လီကွမ်ယူးအတွက်ရည်ရွယ်သည့် လွမ်းသူ့ပန်းစီးများ၊ ပန်းခြင်းများ၊ ပန်းခွေများကား မရေမတွက်နိုင်လောက်အောင်ပင် သက်ဆိုင်ရာ ဂါဝရပြုနေရာတိုင်းတွင် တောင်ပုံရာပုံ ကြီးမား၏။ အချို့က ရိုးစင်းစွာပင် ပန်းကလေးတစ်ပွင့်၊ ပန်းကလေးတစ်ခက်ကိုင်ကာ လာရောက်သွား တတ်သေးသည်။

လီကွမ်ယူး၏ပုံရိပ်များကား စင်ကာပူတစ်နိုင်ငံလုံး နေရာအနှံ့ပင် မြင်နေရပေသည်။ လမ်း၊ အဆောက်အဦး၊ ရုံး၊ ကားဂိတ်၊ ဘက်စ်ကားဂိတ်စသဖြင့် မြင်မြင်ရာနေရာ အနှံအပြားတွင် သူ၏ပုံရိပ်များကိုတွေ့ရသည်။ “လီကွမ်ယူးအား သတိယအောက်မေ့ခြင်း ၁၉၂၃-၂၀၁၅” ဟူသောစာတန်းကလေးမှာ သူ၏ ပုံလေးတိုင်းနှင့် တွဲထားလေသည်။

သူဆုံးသွားသောနေ့တွင် ရေဒီယိုလိုင်းတစ်ခုမှ မည်သည့်အစီအစဉ်မှ မလွင့်တော့ဘဲ အလွမ်းတီးလုံးလေးများကိုသာ ဆက်တိုက်လွင့်တော့သည်။ ထိုအချိန်မှစတင်ကာ စင်ကာပူအလံကား တိုင်တစ်ဝက်တွင်သာ မှေး တင်နေလေတော့သည်။ ကျွန်ုပ်မှာလည်း ဤသမိုင်းအားလက်မလွတ်လို၍ သူဆုံးသည့်နေ့နှင့်နောက်တစ်ရက်တွင် ထုတ်ဝေသော ဒီစထိတ်ရိတ်တိုင်းမ် နေ့စဉ်သတင်းစာအား အမြန်ပြေး၍ဝယ်ယူရပေသည်။ တီဗွီအစီအစဉ်များတွင်မူ သူ၏သမိုင်းများ၊ စင်ကာပူ၏သမိုင်းများ၊ သူ၏မိန့်ခွန်းများဖြင့် ဝေဝေဆာဆာထုတ်လွင့်ပေးလေသည်။ ထိုပုံရိပ်များတွင်ကား မာထန်သော၊ တိကျသော၊ ပြတ်သားသော၊ ဟန်မဆောင်တတ်သော ဘွင်းဘွင်းရှင်းရှင်း ဟယ်ရီလီကို တွေ့ရမည် ဖြစ်ပေသည်။ သူလွတ်တော်တွင် တစ်နှစ်ခြင်းစီအလိုက်ပြောသော မိန့်ခွန်းအပိုင်းအစလေးများ ချန်နယ်နယူးအေးရှား မှတွေ့ရသောအခါ သူ၏အတိတ်မှမာန်တွေ၊ ဟန်တွေကို ကျွန်ုပ်မှန်းဆ ကြည့်ရနိုင်လေသည်။ သူကားအလွယ်တကူ ရီလွယ်ခြင်းမရှိဘဲ၊ သူ၏ သွားအစုံကိုပေါ်အောင် ပြုံးသောအခါမှာလည်း အလွန်ပင်နည်းလေသည်။ သူသည်ပြောသည့်အတိုင်းဖြစ်အောင်လုပ်တတ်သော၊ လုပ်ပြနိုင်ခဲ့သော (မြန်မာ၏အောင်ဆန်းကဲ့သို့သော) ၂၀ရာစုအာရှတိုက်၏ ရှားရှားပါးပါးနောက်ဆုံးလက်ကျန် ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်လေသည်။

မနေ့က သူ၏ဈာပနချသောနေ့ဖြစ်ရာ သူ့ကိုဂါဝရပြုရန် ကမ္ဘာအရပ်ရပ်မှနိုင်ငံခေါင်းဆောင်များ၊ အထင်ကရပုဂ္ဂိုလ်များ လာရောက်ခဲ့ကြလေသည်။ ဈာပနကျင်းပမည့်နေရာသို့ သူ၏ခေါင်းတလားအား သယ်ဆောင်ရာလမ်းတစ်လျောက်တွင် လူများ၊ လူများကား အလွန်များပြားလှသည်။ စင်ကာပူအလံငယ်လေးများ ဝှေ့ရမ်းလျက်သူ့ကို နှုတ်ဆက်နေကြ၏။ သူ့ကိုစတင်သယ်ဆောင်လာမည့် ထိုအချိန်တွင်ပင် စင်ကာပူ တစ်နိုင်ငံလုံးနီးပါးမှ ကောင်းကင်သည် အုံ့မှိုင်းတက်လာကာ မိုးများသည်းသည်းမည်းမည်း ရွာသွန်းလေတော့သည်။ စင်ကာပူအလံ ဖုံးလွမ်းထားသော သူ၏ခေါင်းတလားကိုသယ်ယူလာသော ကားငယ်လေးဖြတ်သွားသောအခါတွင်မူ လမ်းတစ်ဖက်တစ်ချက်မှ နာရီများစွာစောင့်ဆိုင်းနေသော အလံများနှင့်လူများကား ခံစားချက်များ ဖိစီးလွန်းသဖြင့် စကားလုံး ’သုံးလုံး’သာ တွင်တွင်အော်ဟစ်တော့သည်။

ထိုကား…”လီကွမ်ယူး”..”လီကွမ်ယူးးး”..”လီကွမ်ယူး” …”လီကွမ်ယူးးးးးး”…”လီကွမ်ယူးးး”… ”လီကွမ်ယူးးးးးး” …ဟူ၍ဖြစ်၏။

ထိုလူများ၏ မျက်ဝန်းမှမျက်ရည်များကား မိုးပွင့်များ နှင့်အတူ ရောပြွန်း၍နေလေတော့သည်။ အချို့မျက်ရည်များကား သွင်သွင်စီးကျသဖြင့် မိုးပွင့်များက မတားနိုင်မဆီးနိုင်၊ မရောနိုင်လောက်အောင်ပင် မျက်ရည်စီးကြောင်းကို အတိုင်းသားမြင်ရနိုင်လေသည်။ ထိုအချိန် ဂုဏ်ပြုတပ်ဖွဲ့မှ ဟောင်ဝစ်ဆာအမြောက်ကြီးများက တထုံးထုံးဖြင့် မှန်မှန်ကြီးပစ်ဖောက် ဂုဏ်ပြုလေတော့သည်။ မီးခိုးများကား လုံး၍လုံး၍ တက်လာလေသည်။

ထိုနေ့ကား မိုးပွင့်များ၊ အလံများ၊ ပန်းများ၊ မျက်ရည်များဖြင့်လုံးထွေးနေပြီး တစ်နိုင်ငံလုံးအနှံ့ ကြားရသည့် ဥသြဆွဲသံရှည်ကြီးကိုလည်း နှစ်ကြိမ်တိုင်တိုင်ကြားလိုက်ရသော ဝမ်းနည်းဖွယ်ရာနေ့တစ်နေ့လည်း ဖြစ်လေတော့သည်။ ။

One clap, two clap, three clap, forty?

By clapping more or less, you can signal to us which stories really stand out.