Is Buddha Philosopher or Discoverer? ဘုရားရှင်ဗုဒ္ဓဟာ ဖီလိုဆိုဖာလား၊ ကိုယ်တိုင်ရှာဖွေတွေ့ရှိသူလား?

Ko Caesar
Read Different. Think Different.
1 min readJan 17, 2015

ကျွန်ုပ်အသက်၂၀စွန်းကာစ အရွယ်တွင် အရာရာကို စူးစမ်းလိုသော၊ မေးခွန်းထုတ်လိုသော၊ (အတွေးအခေါ်အယူအဆများနှင့် ပက်သက်လာလျှင် သာ၍ပင်) လွယ်လွယ်ကူကူ လက်ခံလေ့မရှိတတ်သော အကျင့်ဆိုး၊ အကျင့်ကောင်းများရှိခဲ့ရာ တစ်နေ့သောအခါတွင် ဗုဒ္ဓ၏အယူအဆများနှင့် စပ်လျင်းသော အကြောင်းအရာများကို အသက်၅၀ကျော်ပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် ဆွေးနွေးမိကြလေ၏။ ထိုပုဂ္ဂိုလ်ကြီးမှာ နိုင်ငံရေး၊ စီးပွားရေးနှင့် ဖီလိုဆိုဖီအတွေးအခေါ်ရေးရာများကို ပြည်တွင်း၊ ပြည်ပ စုံလင်အောင် နှံ့နှံ့စပ်စပ်ကျွမ်းဝင်ပြီး ၄င်း၏စိတ်ဓါတ်မှာလည်း ကွန်မြူနစ်တစ်ယောက်ကဲ့သို့ များစွာမာကျောကျစ်လစ်ခြင်းလည်းရှိသော လူတစ်ယောက်လည်း ဖြစ်၏ (သို့သော်သူသည် ကွန်မြူနစ်တစ်ယောက်တော့ မဟုတ်ချေ။)။

ကျွန်ုပ်တို့နှစ်ယောက် ရောက်တိရောက်ရာဆွေးနွေးကြရင်း ကျွန်ုပ်က ဗုဒ္ဓဘုရားရှင်သည် အမှန်ဧကန်တော့ (အနှစ်ချူပ်ကြည့်လျှင်) ဆိုကရေးတီးတို့ကဲ့သို့သော အတွေးအခေါ်ပညာရှင်တစ်ယောက်မျှသာ ဖြစ်ကြောင်း ဆိုလေလျှင် အနှီပုဂ္ဂိုလ်ကြီးက (ကျွန်ုပ်ကနေ့အထိမမေ့နိုင်သော) ၄င်း၏အမြင်ကို ယခုလိုဆိုလေ၏။
“မဟုတ်သေးဘူး ကိုဆည်း…ခင်ဗျားပြောသလိုတော့ ကျနော်တို့ဗုဒ္ဒဟာ တွေးခေါ်ပညာရှင်တစ်ယောက်မျှတော့ မဟုတ်သေးဘူး။ သူမှာ ဆိုကရေးတီးတို့လိုတွေးခေါ်ပညာရှင်တွေထက်သာတဲ့အချက်တော့ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ဗုဒ္ဓဟာ တွေးခေါ်ခဲ့ယုံသာမကပဲ အဲဒီအတွေးအခေါ်တွေနဲ့၊ အဲဒီအတွေးအခေါ်အယူအဆတွေကို သူကိုယ်တိုင်လည်း လက်တွေ့ရှာဖွေခဲ့သူ၊ ကိုယ်တိုင်လည်း ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်တယ်။ သူဟာ ခေါင်းကိုမျှသုံးပြီး စဉ်းစားမြှော်မြင်ယုံသာ စဉ်းစားတတ်တဲ့ ဖီလိုဆိုဖာ (philosopher) တစ်ယောက်ထက်ပိုတဲ့ ကိုယ်တိုင်လည်း ရှာဖွေတွေ့ရှိသူ (discoverer) တစ်ယောက်ပဲ။ အဲဒီလိုဆိုရင် ပိုမှန်လိမ့်မယ်လို့ ကျနော်ထင်တယ်ဟု” ဆိုလေသည်။ သူဆိုလေသော ထိုအချက်ကိုကြားပြီးနောက် ကျွန်ုပ်မှာ အတန်ငယ်ဆွံ့အ သွားခဲ့ရသည်။ ထိုအချက်ကို သူ့အားပြန်လှန်ငြင်းခုံရန်လည်း မတတ်နိုင်တော့ချေ။ သူဆက်လက်ရှင်းပြသော ဗုဒ္ဓမည်ကဲ့သို့သူ့အတွေးအခေါ်၊ အသိဥာဏ် (တရား) တွေကို ၄င်းကိုယ်တိုင်ရှာဖွေပုံ၊ ကျင့်ကြံပုံအကြောင်းတွေကိုသာ နားထောင်လိုက်ရတော့သည်။

ထိုအချိန်မှစတင်ကာသာ ကျွန်ုပ်သည် philosopher နှင့် discoverer တို့ မည်၍မည်မျှ ကွဲပြားခြားနားသည်ကို ထဲထဲဝင်ဝင်စတင် စဉ်းစားတတ်ခဲ့လေတော့သည်။ ။

--

--