ကြုံဖူးသော ဆုတောင်းသစ္စာ
သစ္စာပန်းအကြောင်းမဟုတ်ပါ။ ဘဝမှာ ကြုံတွေ့ခဲ့တဲ့ အမှတ်တရတွေအကြောင်း နဲနဲပါးပါးပါ။ အနော်တို့ ဘဝတွေက အတက်အကျတွေက များတော့ ရေးမယ်ဆို စာအုပ်တစ်အုပ်က အသာလေးရတယ်။ တစ်နေ့ကျတော့ ရေးမယ်။ အမရေးသမျ ဖတ်မဲ့ အားပေးမဲ့ မောင်လေးနဲ့ညီမလေးရှိတယ်လေ။ ခုရေးမှာလဲတအားရင်းနှီးတဲ့ သူငယ်ချင်းတွေတော့ သိပြီးသား ဟာတွေပါ။
ရပ်ကွက်ထဲမှာ အိမ်မီးလောင်သွားတုန်းက အဖွားက အိမ်မှာ မရှိဘူး။ ဘုန်းကြီးကျောင်း မှာ မောင်လေးနဲ့တူတူ တရားစခန်းသွားဝင်တယ်။ အဲ့ဒါကြောင့် မီးလောင်တဲ့ မနက်မှာမှ အဖွားကို သွားပြန်ခေါ်လာတယ်။ အဖွားက သူ့ရဲ့အိမ်ကြီးရခိုင်ကို ပြာအဖြစ်မြင်လိုက်ရတော့ အတော်ဝမ်းနည်းသွားတယ်။ ဒီအသက်အရွယ်မှာ ငွေပြန်ရှာပြီး သူပြန်ဆောက်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူးဆိုတာလဲ သူသိလို့ ဖြစ်မယ်။ ခဏနေတော့ အဖွားကပြောတယ် သူဘုန်းကြီးကျောင်းသွားတော့ အိမ်မှာ ရွှေလက်ကောက်နှစ်ကွင်းထားခဲ့တယ်။ အဲ့ဒါက သူသုံးဖို့လဲ မဟုတ်ဘူး။ အမွေပေးဖို့လဲ မဟုတ်ဘူး။ လှူဖို့တန်းဖို့ စုထားတာ အဲ့ဒါလေး ကူရှာပေးကြပါလို့ ပြောတယ်။ တကယ်က ရှာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ မီးဆိုတာ လောင်ရင် အကုန်လုံးက ဖွာလန်ကြဲသွားတာ။ အရှေ့ကဟာက အနောက်ကိုရောက်သွားတယ်။ ဖြစ်ချင်တာဖြစ်သွားတာပဲ။ အမေက အဖွားကို စိတ်လျှော့လိုက်ပါ ရှာလို့ရမှာ မဟုတ်ဘူးလို့ ပြောတယ်။ နောက်ပြီး အဖွားရဲ့အခန်းက အပေါ်ထပ်။ မီးလောင်လို့ အိမ်ပြိုကျသွားတဲ့အခါ ပစ္စည်းတွေအကုန်လုံးက လွင့်စင်သွားမှာပဲ။ မီးလောင်ပြင်မှာ အတော်ရှာရခက်တယ်။ ဒီလောက် အကျယ်ကြီး ဘယ်လိုရှာမလဲပေါ့။ ရှာရခက်တာ သူလက်ခံတယ်။ တချို့နေရာမှာလည်း မီးက အခိုးမတိတ်သေးဘူး။ အဲ့ဒီခါကျ အဖွားက စိတ်မကောင်းတော့ မျက်ရည်ကျတယ်။
ခဏနေတော့ အဖွားက သူ့ သစ္စာပြုမယ်။ တခြားဟာတွေ ကုန်ရင်ကုန်ပါလေစေ့။ ဒါတော့ သူပြန်တွေ့မှ ဖြစ်မယ်ဆိုပြီး သစ္စာပြုတယ်။ ဒီလက်ကောက်နှစ်ကွင်းက သူသုံးဖို့လဲ မဟုတ်ဘူး။ အမွေပေးဖို့လဲ မဟုတ်ဘူး။ လှူဖို့တန်းဖို့ စုထားတာ။ သူ့စကားမှန်ရင် ပြန်တွေ့ပါစေ ဆိုပြီး ဆုတောင်းတယ်။ နတ်တွေကို မေတ္တာပို့တယ်။ အားလုံး အကုန်လုပ် ပြီးတော့ မိသားစုကို ပြောတယ်။ သူ့စိတ်ထဲမှာ ထင်တဲ့ ၃နေရာမှာ ရှာမယ်။ မရရင် မရှာတော့ဘူးလို့ ဆုံးဖြတ်တယ်။ မီးလောင်ပြင်မှာ မီးငြိမ်းပြီးကာစမို့ လက်နဲ့ကိုင်ရင် တအားပူတယ်။ အဲ့ဒါကြောင့် တုတ်ချောင်းတိုလေး ရှာပြီး မြေကြီးကို လှန်လှန်ပြီး. ရှာကြတယ်။ သိပ်တောင်မကြာဘူး။ အဖွားက. သူရှာလို့တွေ့ပြီ ဆိုပြီး ဝမ်းသာအားရနဲ့ လှမ်းအော်တယ်။ တွေ့တဲ့နေရာက သူ့အခန်းတည်နေရာကနေဆို အဝေးကြီးပဲ။ နောက်ပြီး လက်ကောက်၂ကွင်းက ထပ်လျက်လေး။ အကောင်းအတိုင်းပဲ။ အားလုံး အံ့ဩသွားကြတယ်။ ပိုထူးဆန်းတာ အဖွားက နေရာအများကြီးတောင် ရှာတာမဟုတ်ဘူး။ ဒီနေရာ သူရှာချင်တယ် ပြောပြီး တန်းရှာတာ။ အဲ့ဒါကြောင့် ဘဝမှာ ပထမဆုံးအကြိမ် သစ္စာတရားကို အလေးထားမိတယ်။ (အဲ့ဒီမီးက အရက်သမားတွေ အရက်သောက် အကင်စားရာကစပြီး လောင်တဲ့မီးက ဆောင်းတွင်းမို့ အိမ်အလုံး ၄၀ကျော်လောက် ပါသွားတယ်။ သတင်းစာထဲပါလာတော့ အိမ်၁၀လုံးတဲ့။ ဆုံးရှုံးတန်ဖိုး ၁သိန်းတဲ့။ နိုင်ငံပိုင် သတင်းစာရဲ့ မှန်ကန်မှူ့။ ကိုယ့်တွေက ဘာပြောပြော မိဘ မိတ်ဆွေအပေါင်းအသင်း ဆွေမျိုးအင်အားရှိတာမို့ ပြန်ထူထောင်နိုင်ပေမဲ့ အဲ့မီးကြောင့် ဘဝပျက်သွားတဲ့ လူတွေ မိသားစုတွေ အများကြီးပဲ။ သနားဖို့ ကောင်းတယ်။ ကိုယ်တွေကတော့ ဘဝ ဝဋ်ကြွေး ဆိုတာ ပါလာရင် ဆပ်ရတယ်။ အကြွေးတစ်ခုကျေသွားပြီဆိုတဲ့ စိတ်ပဲထားတယ်။
နောက်ဖြစ်ရပ် တစ်ခုက လွန်ခဲ့တဲ့ ၃နှစ်လောက်က လစာမဲ့ခွင့် ၁လယူပြီး. အင်ဒိုမှာ ဖားအောက်ဆရာတော်ကြီးရဲ့ တရားစခန်းကို သွားဝင်တယ်။ လူ ၁၀၀လောက်ရှိတယ်။ မြန်မာဆိုလို့ ဆရာတော်ရယ် အနော်ရယ် နှစ်ယောက်တည်း။ ကျန်တာက နိုင်ငံပေါင်းစုံက ဘာသာပေါင်းစုံ ကိုးကွယ်တဲ့ နိုင်ငံခြားသားပေါင်းစုံပဲ။ စင်ကာပူမှာ ဆရာတော်ကို တွေ့တုန်းက တရားထိုင်ချင်တယ်ပြောလို့ ဆရာတော်က ထိုင်ချင် အင်ဒို လိုက်ခဲ့လို့ မှာတယ်။ အဲ့ဒါကြောင့် ဆုံးဖြတ်ချက်ချပြီး လိုက်သွားတာ။ လာမယ်လို့ ဆရာတော်ကို ကြိုလဲ မလျှောက်ထားဘူး။ ဟိုရောက်တော့ တကယ်လိုက်လာတာကို ဆရာတော်မြင်တော့ ဒီလောက် အဝေးကြီးကို တစ်ယောက်တည်း လာတယ်ဆိုပြီး. အံ့ဩသွားတယ်။ ကိုယ်က ဆရာတော်ကြီးဆီမှာ တရားထိုင်ချင်လို့ လိုက်သွားတာ။ တကယ်တန်းကျတော့ ဆရာတော်နဲ့တွေ့ရဖို့က အင်မတန်ခက်တယ်။ဆရာတော်ရဲ့ လက်ထောက်တရားပြဆရာတွေနဲ့ပဲ တွေ့ရတယ်။ ဆရာတော်ကြီးရဲ့ တရားပြဆရာတွေကတော့ တကယ်တော်တယ်။ တရားတစ်ကြောင်းဟောလိုက်ရင် ဘာသာ ၃မျိုး (English, Bahasa Melayu, Chinese) နဲ့ ဟောတယ်။ အတော် သမာဓိကောင်းသလို ဝိနည်းသိက္ခာနဲ့ ညီတယ်။ သို့သော်လည်း တရားထိုင်တာ သမာဓိ အဆင့်၁ခု ပြီးမှ ဖားအောက် ဆရာတော်ကြီးနဲ့ တွေ့ရတယ်။ တွေ့ခဲ့ရရင် ဆရာတော်က တစ်ယောက်ချင်းဆီကို တရားစစ်ရင်းသင်ပေးတယ်။ အဲ့အဆင့်ရောက်ဖို့ကလဲ လွယ်တာမဟုတ်ဘူး။
၁၀ရက်လောက်ကြာတော့ စိတ်ဓာတ်ကကျလာတယ်။ ဖားအောက်ဆရာတော်ကြီးရှိလို့ ဒီလောက် အဝေးကြီး အဆင့်ဆင့် မရောက်ရောက်အောင် လာတာ။ ဒီလဲရောက်ကော ဆရာတော်ကြီးနဲ့လဲ မတွေ့ရ။ သမာဓိကလဲ မထူးခြား။ ပြန်ရင်ကောင်းမလား မသိဘူး။ ခွင့်ကလဲ တစ်လအပြီး ယူထားတော့. ရန်ကုန်ပြန်ရင် ကောင်းမလား တွေးနေမိတယ်။ ညနေ တရားဟောချိန်မထိုင်ခင် တောင်ကုန်းမှာ လမ်းလျှောက်ရင် အဖွားသစ္စာဆိုခဲ့တာ ပြန်တွေးမိတယ်။ ကိုယ်လဲလုပ်ကြည့်ရင် ကောင်းမယ်ဆိုပြီး ဆုံးဖြတ်ပြီး တောစောင့်နတ်၊ တောင်စောင့်နတ်တွေကို မေတ္တာပို့တယ်။ လက်ရှိတရားပြ ဆရာ မကောင်းလို့ မဟုတ်ဘူး။ ဆရာတော်ကြီးကို ဖူးခွင့် တွေ့ခွင့်ရပါရစေ။ အများကြီးလဲ ဆုမတောင်းဘူး။ ပြီးတာနဲ့. ဓမ္မာရုံသွား တရားနာတယ်။ တရားပွဲလဲပြီးကော ရုံးခန်းက အင်ဒို ကောင်လေးတစ်ယောက်က လာခေါ်တယ်။ နင်က မြန်မာလားဆိုပြီး နာမည်ခေါ်ပြီး မေးတယ်။ အေးဟုတ်တယ်။ ဘာဖြစ်လို့လဲ မေးကော ဆရာတော်ကြီးက မှာလိုက်တယ်။ နောက်ရက်တွေကျရင် တရားစစ်ဖို့ ဆရာတော်ဆီ လာခဲ့။ အမေရိကန်က အဘိုးကြီးနဲ့ လာရင်လာ။ မလာချင်ရင် ဗီယက်နမ်က ဆရာလေး နှစ်ပါးနဲ့ လာပါဆိုပြီး ပြောတယ်။ ဒီတရားစခန်းမှာ မြန်မာက နင်တစ်ယောက်တည်းမို့ ဆရာတော်ကြီးက သင်ပေးမယ်လို့ ပြောလိုက်လို့ပါလို့ ပြောတော့ ဘယ်လိုဖော်ပြရမယ်မှန်းမသိအောင် ဝမ်းသာခဲ့တယ်။ တော်တော်ကို စိတ်တအားချမ်းသာသွားခဲ့တယ်။ တိုက်ဆိုင်သွားတာလဲ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ကိုယ့်ကိုတိုင်ပြုခဲ့ ကြုံခဲ့ရတဲ့ သစ္စာကြောင့်လို့ပဲ ယုံကြည်တယ်။ အဲ့ဒီနောက်ပိုင်းကစပြီး ဆရာတော်ကြီး ဆုံးမတာတွေကြောင့် ဘုရားတရားကို ပိုယုံကြည်လာတယ်။ ကိုယ်ကိုကိုယ် လိမ္မာလာအောင်ပဲ နေတယ်။ အမှားနည်းအောင် ဝဋ်ဖြစ်စေမဲ့ အကုသိုလ်ဖြစ်စေမဲ့ အကြောင်းတရားတွေ မလုပ်တော့ဘူး။ ရှောင်တယ်။ လုပ်ခဲ့ဖူးသော အမှားတွေ ကျေဖို့ ဘုရားတရား ပိုလုပ်မိတယ်။
နောက်တစ်ခါကျ. ဖားအောက်ဆရာတော်ကြီး စင်ကာပူလာတဲ့အခါ သူငယ်ချင်းတွေအုပ်စုလိုက်နဲ့ သွားဖူးတွေ့တဲ့အခါ ဆရာတော်က အားလုံးဆီက မထင်မှတ်ဘဲ အလှူခံတယ်။ တစ်အုပ်စုလုံးက လှူမယ်ဘုရားပေါ့။ နောက်ပြီးမှ ဆရာတော် ဘာအလှူခံမှာလဲသေချာပြန်မေးတော့ ငါးပါးသီလထဲက အရက်သေစာ မသောက်စားဘူး၊ ရာသက်ပန်ရှောင်ပါတယ်ဆိုတာ ဖြစ်နေတယ်။ ကောင်လေးတွေအကုန် ပြုံးစိစိ ဖြစ်ကုန်တယ်။ ဒါပေမဲ့ ဆရာတော်က လိုက်ဆိုဆိုတော့ အကုန် တူတူ လိုက်ဆိုကြတယ်။ အဲ့နေ့ကစပြီး အနော်တို့တစ်အုပ်စုလုံးက အရက်သေစာ အယ်လကိုဟော လုံးဝရှောင်တယ်။ နှစ်တွေကြာလာတော့ ဒီတစ်ပါး သစ္စာအလှူ လေးကို ဪ ငါခုချိန်ထိ ထိန်းထားနိုင်တယ်ဆိုပြီး ပြန်တွေးတိုင်း စိတ်ကြည်နူးတယ်။ ဘဝမှာ အလေးထားဆုံး အမွန်မြတ်ဆုံး အလှူလို့ သဘောထားတယ်။ ဆရာတော်ကြီးကို ကျေးဇူးဆပ်တဲ့အနေနဲ့ အသက်ရှင်နေသမျှ ကိုယ့်ကိုကိုယ် ထိန်းမယ်လို့လဲ ဆုံးဖြတ်ထားတယ်။ ပိုပြီး ဝမ်းသာရတာက အဲ့အလှူကို ကိုယ်ချစ်တဲ့ သူငယ်ချင်းတွေနဲ့ တူတူ ပြုခဲ့တာမို့ပါ။
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။ ။