မေမေရဲ့ အားမာန်တွေ

scattered thoughts
scattered thoughts by me
4 min readSep 12, 2020

ဘာလိုလိုနဲ့ မြန်မာပြည်မှာ ကိုဗစ်မွှေတာလဲ နည်းနည်းကြာလာပြီ။ ကိုဗစ်ကာလမှာ အိမ်မှာနေရတာ သိပ်အဆင်မပြေ၊ စိတ်မပျော်တဲ့ လူကြီးတွေအတွက် အားတက်စရာလေးတွေ ဖြစ်စေဖို့ ကျွန်မတို့ မိခင် အကြောင်းလေး ဝေဌပေးချင်ပါတယ်။

ဒီpost လေးက ကိုဗစ်ကာလမှာ အမေ့ရဲ့ learning journey milestone အတွက် အမှတ်တရ ရေးထားတာ ဖြစ်ပါတယ်။

မေမေကြီးကို ချစ်တယ်

အမေနှင့် ကိုဗစ်ကာလအစ

ကိုဗစ်စဖြစ်တော့ အပေါင်းအသင်း မိတ်ဆွေများတဲ့ အမေ့ကို အိမ်မှာနေဖို့ ပြောရတာ မလွယ်ပါဘူး။ အမေက ခရီးသွားလိုက်၊ ဘုန်းကြီးကျောင်းသွားလိုက်၊ လူမှု့ရေးကိစ္စတွေလုပ်လိုက်နဲ့ အပြင်သွားနေရတာများတယ်။ တကယ်တော့ အိမ်မှာနေချိန်လဲ အိမ်အလုပ်တွေနဲ့က မအားတာများပါတယ်။ အပြင်လုံးဝ မသွားရဘဲ အိမ်မှာနေမှဖြစ်မယ်ဆိုတော့ အသားမကျမှာ၊ သူငယ်ချင်းတွေနဲ့ မတွေ့ရတော့ အမေ စိတ်မပျော်မှာ၊ စိတ်ညစ်မှာ စိုးရိမ်မိပါတယ်။ အစပိုင်းမှာတော့ အမေလဲ ဒီလိုပဲ စိတ်ပျော်အောင်နေရင်း ဘုရားရှိခိုး၊ တရားနာရင်း ကျော်ဖြတ်ရတာပဲ။

ကိုဗစ်ကာလ အမေ သင်တန်း တက်ချင်တယ်

နောက်တော့ Facebook မှာ အဘိဓမ္မာ သင်တန်းတွေ online က သင်မယ်ဆိုတော့ အမေက တက်ချင်ပါတယ်။ တကယ်တော့ အမေက ပထမအဆင့် တက်ပြီးသားပါ။ မနှစ်က အမေ စာမေးပွဲဖြေခါနီးမှာ ကျွန်မက တော်တော်လေးကို နေမကောင်းဖြစ်ပါတယ်။ အဲ့ဒါနဲ့ အမေက စင်ကာပူမှာ လာနေပေးတော့ သူ့ရဲ့ အဘိဓမ္မာ စာမေးပွဲမဖြေလိုက်ရဘူး။ အခု ကိုဗစ်ကာလမှာ အမေစိတ်ဝင်စားတဲ့ အဘိဓမ္မာ အကြောင်း online သင်တန်းတွေ ဖွင့်တော့ စာပြန်လုပ်လို့ရပြီ ဆိုပြီး အမေ ပျော်ပါတယ်။ ဒုတိယအဆင့်ကော တတိယ အဆင့်ကော တက်မယ်ပေါ့။ ကိုဗစ်ကာလမှာ ၃ ဆင့်စလုံး အတွက် စာကျက်မယ်ဆိုပြီး အမေ စဥ်းစားပါတယ်။

အဲ့တော့ လူကြီးပီပီ သူ တက်လို့ ဖြစ်မှဖြစ်ပါ့မလား ဆိုပြီး အားငယ်စိတ်ပူပါတယ်။Online က တက်မယ်ဆိုတော့ Zoom တို့ Google Class တို့က လူကြီးဖြစ်နေတဲ့ အမေတို့နဲ့က အလှမ်းဝေးပါတယ်။ မသုံးတတ်လို့ မသင်လိုက်ရဘူးဆိုတာ မဖြစ်စေချင်ပါဘူး။ ကြာလာရင် သုံးတတ်သွားမှာ အဆင်ပြေသွားမှာဆိုပြီး အားပေးရပါတယ်။ အဲ့ဒါနဲ့ပဲ သင်တန်းတွေ register လုပ်ပေးဖြစ်ပါတယ်။ ဖုန်းနဲ့ကျ အမေကသေချာမမြင်ရတော့ အားစိုက်ရတယ်။ သင်တန်းစစချင်းရက်တွေတော့ ညီမလေး laptop ကနေ Zoom သုံးပြီး သင်တန်းကို လိုက်တက်ပါတယ်။ အိမ်ကနေ မခွာဘဲ Online ကနေ အတန်းတက်ရတဲ့ အတွက် ပထမနေ့မှာကတည်းကအမေက အတော်ပျော်ပါတယ်။ အရင်တုန်းက အဘိဓမ္မာ ပထမအဆင့်အတွက် တက်တုန်းကဆို လှည်းတန်းဘက်ကို ကားတိုးစီးပြီး အပင်ပန်းခံ သွားတက်ခဲ့ရတာလေ။ ခုကျ online သုံးပြီး အိမ်ကနေ သက်တောင့်သက်သာနဲ့ သင်ရတယ်။ ဇိမ်တောင်ကျသေးတယ်။

အမေ online class အတန်းတွေ စတက်တက်ချင်းတုန်းကပုံ

အမေ online အတန်းတက်ဖို့ စာသင်ဖို့ ပြင်ဆင်ခြင်း

အမေ့အတွက်က Laptop ကျ သုံးရတာ ခက်သလိုရှိတယ်။ သုံးရလွယ်မယ့် tablet လေးနဲ့ဆို စာလုပ်ရတာပိုကောင်းမယ်လို့ မောင်နှမတွေ တိုင်ပင်ပြီး အမေ့အတွက် အဆင်ပြေနိုင်မယ့် tablet ဝယ်ဖို့ လုပ်ရပါတယ်။ ငယ်ငယ်ကကျ ကိုယ်တွေ ကျောင်းတက်ဖို့ အမေက လိုတာ လိုက် ဝယ်ပေးပြီး ပါရမီ ဖြည့်ပေးရတယ်။ အခုကျ အမေကျောင်းတက်ဖို့ ကိုယ်တွေ ပါရမီ ဖြည့်ခွင့်ကြုံပြီဆိုပြီး ဝမ်းသာရပါတယ်။

ဒီနေရာမှာ မိတ်ဆွေတို့လဲ မိဘအတွက် tablet ဝယ်ချင်တယ်ဆို မျှဝေစရာလေး ရှိပါတယ်။ လူကြီးတွေကျ လူငယ်တွေလို high end product တွေ မလိုပါဘူး။ စာဖတ်ဖို့ တရားနာဖို့ အဓိကမို့ စျေးအလည်အလတ်နဲ့ storage များတာဆို အဆင်ပြေပါတယ်။ ကိုယ်ကတတ်နိုင်လို့ iPadမှဆိုလဲ အဆင်ပြေပါတယ်။ မြန်မာပြည်အတွက်ဆို recommend အလုပ်ဆုံးကတော့ MiPad ပါ။ ကျွန်မ ညီမလေးလဲ သုံးတယ်၊အကြမ်းခံတယ်၊ စာဖတ်လို့ကောင်းတယ်။ ဒါပေမယ့် အမေ့အတွက် ဝယ်ဖို့လုပ်တော့ ရန်ကုန်ကို ကိုဗစ်ဝင်ခါစမှာ အံ့သြလောက်အောင်ကို MiPad က ပစ္စည်းတွေ ပြတ်နေပါတယ်။ဆမ်ဆောင်းဝယ်မယ်ဆိုတော့လဲ ဆမ်ဆောင်းကလဲ ပစ္စည်းတွေ ဝယ်ရခက်နေပါတယ်။ ဆိုင်ကတော့ ကူပါတယ်။

နောက်ဆုံးတော့ ရရာပဲဝယ်မယ်၊ အမေ အတန်းတက်တာ အဆင်ပြေဖို့ အရေးကြီးတယ်ဆိုပြီး ဆမ်ဆောင်း Tab A ကို မောင်လေးက သွားဝယ်ဖြစ်ပါတယ်။ ဆမ်ဆောင်း Tab Aက တခြား tablet တွေထပ်စာရင် screen size က နဲနဲသေးပါတယ်။ Internet အတွက်ဆို SIM card ပါတော့ အဆင်ပြေတယ်၊ ပေးရတဲ့ စျေးနဲ့ မဆိုးပါဘူး။ အမေ ဖတ်ချင်တဲ့ စာအုပ်တွေနဲ့တရားတွေအများကြီးထည့် လို့ရအောင် memory card ထပ်ဝယ်ပြီး ထည့်ပေးထားပါတယ်။

tablet ရတော့ ညီမလေးက အမေ အတန်းတက်ရန် လိုအပ်တဲ့ software တွေ ၊ App တွေ setup လုပ်ပေးပါတယ်။ အဖေကလဲ ကမ္ဘာအေးက သာသနာရေး ဦးစီးဌာနက စာအုပ်ဆိုင် ထိသွားပြီး အမေစာလုပ်ရင် လိုအပ်မဲ့ အဘိဓမ္မာ စာအုပ်တွေ သွားဝယ်ပေးပါတယ်။ အမေရဲ့ ချစ်လှစွာသော တူမလေး မြကလဲ အမေ့ သင်တန်း က စာရွက်တွေ လိုတာတွေ print ထုတ်ပေး စီစဉ်ပေးပါတယ်။ ကျွန်မတို့ မိသားစုအတွက်က တစ်ယောက်ဖြစ်ချင်တာ ကျန်တဲ့လူတွေက မဖြစ်ဖြစ်အောင် ပျော်ပျော်ရွှင်ရွှင်ပဲ ပါရမီ ဖြည့်ပေးဖြစ်ကြပါတယ်။ အမေ အတန်းတက်ဖို့ မိသားစုဝင် အားလုံး ဝိုင်းပြီး လုပ်ပေးကြပါတယ်။ အဓိက အမေ စိတ်တိုင်းကျ ဖြစ်အောင် စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးချင်လို့ပါ။

အမေနှင့် digital learning

tablet နဲ့စသင်တော့ zoom သုံးပုံသုံးနည်းတွေ ညီမလေးက သင်ပေးတော့ အမေက ကိုယ့်သမီးက သင်ပေးတယ်ဆိုပြီး မာန်မထားဘူး ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင် လုပ်တတ်အောင် သေချာလိုက်ရေး လိုက်မှတ်ထားတယ်။ နှစ်ခေါက်လောက် သင်ပြီးတော့ meeting ID နဲ့ passcode အမေ့ဖာသာ ရိုက်တတ်၊ join တတ်ပါတယ်။ တခါတလေ အချိန်တွက်တာ နေ့နဲ့ည မှားပြီး zoom ဖွင့်ပြီး ငုတ်တုတ် ထိုင်စောင့်တာတွေလဲ ဖြစ်ဖူးပါတယ်။ အစပိုင်းမှာ ပြဿနာတွေရှိပေမဲ့ လုပ်တာကြာတော့ ကျွမ်းကျင်သွားတာပါပဲ။

အမေက zoom ကနေ အတန်းလဲ တက်လိုက်တာပဲ။ မြောက်ဦးဆရာတော်ကြီး တရားလဲ zoom ကနေ join ပြီး နာလိုက်တာ ပဲ။ ဒီနေ့တော့ စင်ကာပူက သစ္စာပါရမီ ဆရာတော် live ကနေ သီလပေးတာ ယူတယ်တို့၊ မြောက်ဦးဆရာတော်ကြီး မွေးနေ့အတွက် အမေရိကက လုပ်တဲ့ အစီအစဉ် join တာတို့ ပါတို့ ဖြစ်လာပါတယ်။ ဒေါ်ခင်လှတင် အဘိဓမ္မာသင်တန်းဆို facebook live က လွှင့်တာကို အချိန်မှန် တက်တာ။ recorded live ကို ပြန်ကြည့်တာတောင် မဟုတ်ဘူး။ online ကနေပဲ တရားစခန်းဝင်နေပြီ။ ကိုဗစ်ကာလမှာ အမေတို့ လူကြီးတွေ နည်းပညာတွေ ကောင်းကောင်းအသုံးချလာကြပြီ။ အားရတယ်။

အခုကျတော့ အမေက သူ့သူငယ်ချင်းတွေတောင် zoom သုံးနည်းတို့၊ ဆရာတော်တွေရဲ့ facebook live ကြည့်နည်းတွေ ပါတွေ ပြန်သင်ပေးနေပါပြီ။ အမေက စိတ်ဝင်စားတာတွေ စိတ်ပျော်အောင် လုပ်နေလို့လား မသိဘူး၊ အရင်ကထက်တောင် ပိုပြီး ကျန်းမာလာ၊ ပိုတောင် လှလာပါတယ်။ လူကြီးတွေကို အထင်မသေးပါနဲ့။ apps တွေ ပေးသုံးကြည့်လိုက်ပါ။ တတ်အောင်သင်ပေးကြည့်ပါ။ အကျိုးရှိပါတယ်။ နောက်မို့ဆို အိမ်ထဲမှာ ပိတ်မိနေပြီး ဘာမှ လုပ်စရာမရှိရင် စိတ်တွေ ကျလာမှာ စိတ်ညစ်လာမှာပါ။

အတန်းတက်မယ်
tablet stand လေး ထပ်အားဖြည့်လိုက်တော့ စာလုပ်ရတာ ပိုပြီး အဆင်ပြေသွားတယ်

ကျောင်းသူကလေး စာကြိုးစား

အမေက ဆရာမလုပ်တုန်းကလဲ တပည့်တွေ အတွက် ဆရာကောင်း ဖြစ်သလို ၊ ကိုယ်တိုင် တပည့် အဖြစ် ပြန်လုပ်ရတော့လဲ တပည့်ကောင်းဖြစ်ပါတယ်။ မနက်၄နာရီထပြီး စာထကျက်တယ်။ ညဘက်တွေလဲ စာကျက်တယ်။ အမေ့ရဲ့ဇွဲ၊ အမေ့ရဲ့ ကြိုးစားချင်တဲ့စိတ်တွေကို ကျွန်မတို့မှာ အံ့သြ အားကျ လေးစား ဂုဏ်ယူနေရတယ်။ အမေက ကြိုးစားတော့ အိမ်ကကလေးတွေလဲ မပျင်းရဲပါဘူး ၊ အရင်ကထက် စာပိုလုပ်လာတယ်။

အမေက ဒီလိုတွေ ဖြစ်အောင် လုပ်ယူတာမဟုတ်ဘူး။ သူများအားကျအောင် ဂုဏ်အတွက် လုပ်တာလဲ မဟုတ်ဘူး။ အမေ့ဖာသာ အချိန်တွေကို အကျိုးရှိအောင် သုံးမယ်၊ လုပ်မယ် ဆိုပြီး လုပ်ဖြစ်နေတာပါ။ ကိုယ့်စိတ်ဝင်စားတဲ့အရာတွေ လေ့လာရင်း ပျော်နေတာမို့ အချိန်ပေးပြီး လုပ်ဖြစ်နေတာပါ။ အိမ်အလုပ်လဲ မလစ်ဟင်းပါဘူး။ ထမင်း ဟင်းချက်၊ မီးပူတိုက် အဲ့ဒါတွေ အကုန်လုံးလဲ လုပ်တယ်။ အိမ်အလုပ်အားရင် စာလုပ်၊ ပဌာန်း ရွတ်၊ တရားနာ၊ တရားထိုင်နဲ့ အဆင်ပြေတာ လုပ်ရင်းအချိန်စာရင်းက အပြည့်ပဲ။

တခါတလေ စာကျက်တာ မမှတ်မိလို့ စိတ်ဓာတ်ကျတာတွေလဲ ရှိပါတယ်။ ညီမလေးက အမေနဲ့အတူတူ စာကူကျက်ပေးတယ်။ ဦးကျည်ပွေ့ အသက်ကြီးမှ စာသင်တာတို့၊ မင်းကွန်းဆရာတော်ကြီး နေ့စဉ်စာလုပ်တဲ့အကြောင်း တွေ ပြန်ပြောရင်း အားပေးရပါတယ်။ အမေ စာမရလို့ စာမေးပွဲ မဖြေဖြစ်လဲ သားတွေ သမီးတွေက ဘာမှမဖြစ်ဘူး။ အမေ့လေ့လာချင်တာ သိချင်တာတွေ သိရလို့ အမေ ဝမ်းသာရမှာ၊ကိုယ့်ကိုယ်ကိုယ် ပညာပါရမီဖြည့်တယ်ပဲ သဘောထား။ စိတ်ကိုချမ်းသာအောင်ထားလို့ အားပေးဖြစ်တယ်။

ကိုဗစ်ကာလမှာ စာတွေပိုဖတ်လာတဲ့ အမေ

အမေ ပဋ္ဌာန်းရွတ်တိုင်း မိုက်ကယ်က ငြိမ်ငြိမ်လေး နေပြီး နားထောင်တယ်။

အမေ့ရဲ့ tablet ထဲမှာ အမေဖတ်ချင်တဲ့ စာအုပ်တွေ၊ ပဌာန်း ငါးကျမ်း စာအုပ်တွေ ထည့်ပေးပါတယ်။ အရင်ကကျတော့ အမေက ပဌာန်း စာအုပ် အထူကြီး ကိုင်ရွတ်တာ တခါတလေ စာလုံးတွေ မှိန်နေတာ အားစိုက်ဖတ်ရတော့ လူကြီးဆိုတော့ ခေါင်းမူးပါတယ်။ မှတ်မှတ်ရရဆို ပဌာန်း ငါးကျမ်း စာအုပ်တွေကော၊ ebook ကကော သူငယ်ချင်း ကိုပြည့်က လက်ဆောင်ပေးထားတာပါ။ သူပေးကတည်းက အမေက အမြဲလိုလို ပဌာန်း အကျယ်ကို ရွတ်ဖြစ်ပါတယ်။ သူငယ်ချင်းလေး ကုသိုလ်တွေ ရပါစေ။ စာအုပ်တွေ app ကနေ ဖတ်ပုံဖတ်နည်းတွေ ၊ စာအုပ်တွေ download လုပ်တာတွေ သင်ပေးပြီး သကာလ အမေ ဖတ်ချင်တဲ့ စာအုပ် အမေ့ဖာသာ ရှာဖတ်တယ်။ ပြီးရင် ကြိုက်တာလေးတွေ မှတ်သားစရာတွေ ကျွန်မတို့ကို ပြောပြပါတယ်။

ဘေးကနေ အမေ့ကို ကြည့်ပြီး အမေစိတ်ချမ်းသာနေတာကို ကျေနပ်ပါတယ်။ စာဖတ်လိုက် စာကျက်လိုက် အတန်းတက်လိုက် အိမ်အလုပ်လုပ်လိုက်နဲ့ ကိုဗစ်ဖြစ်နေတာ အမေ မေ့တောင်နေပြီ ထင်တယ်။

အဖေနဲ့ အမေ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေ။ အဖေ့အကြောင်းကတော့ သပ်သပ်ရေးပါ့မယ်။

အချိန်ပေး၍ ဖတ်ရှူ့ပေးသော စာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကိုဗစ်ကာလကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ကြပါစေ။

ကျေးဇူးပြု၍ ကော်ပီကူးယူခြင်း သည်းခံပါ၊ ခွင့်မပြုပါ။ ကျေးဇူးတင်ပါသည်။

--

--