လော်စပီကာသံများနှင့် မြန်မာပြည်

scattered thoughts
scattered thoughts by me
1 min readSep 21, 2019

လော်စပီကာသံတွေ ကြောင့် စိတ်ညစ်ရလေလေ မင်္ဂလာဒုံက တောတိုက်ဆရာတော်ဘုရားတို့ ၊ အမရပူရက တောင်မြို့ဆရာတော်တို့ကို သဘောကျတယ်။ ကျောင်း၂ကျောင်းလုံးမှာ သံဃာတွေက အများကြီး။ ဒါပေမဲ့ ကျောင်းထဲ ဝင်သွားရင် တိတ်ဆိတ်နေရောပဲ။

အလှူလာလုပ်မဲ့ အလှူရှင်တွေကို တောတိုက်ဆရာတော်မိန့်တာတော့ ကိုယ်တိုင် ကြုံဖူးတယ်။ အလှူလုပ်တာ လက်ခံတယ်။ ကျောင်းဝန်းထဲတော့ ဆူညံတာတွေ လာမလုပ်နဲ့။ တရားထိုင်နေတဲ့ လူတွေကို အနှောင့်အယှက်ဖြစ်လို့ ဓမ္မန္တရာယ် ဖြစ်မယ်။ အလှူလုပ်တာ ကုသိုလ်မရဘဲ ငရဲရမယ် တဲ့ ။ ဒီလို ပြောလို့ မလှူချင်ဘူး ပြောလဲ ဘာမှမဖြစ်ဘူးတဲ့။
ဘုန်းကြီးတွေလဲ ဘုရားလမ်းစဉ်လိုက်ပြီး ဝိနည်းနဲ့နေတာ အကောင်းဆုံးပဲ။ကိုယ့်တန်ဖိုးနဲ့ ကိုယ်ပေါ့။ လူတွေကလဲ အဖြစ်သင့်ဆုံးနည်းနဲ့ အကောင်းဆုံး ပါရမီ ဖြည့်ပေးဖို့လိုတယ်။

လူတွေကလဲ လော်စပီကာသုံးဖို့ အကြောင်းပြချက် ရှာနေတာများလာတယ်။ လာဘ်လာဘတွေ ရဖို့ အလှူခံဖို့ဆိုတဲ့အခါ လှူချင်တဲ့လူက လော်စပီကာ မသုံးဘဲ အလှူခံလဲ လှူမှာပါ။ တော်ရုံပဲ ကောင်းပါတယ်။ သောက်စားမူးယစ်ပြီး သာသနာနဲ့ ဘာမှမဆိုင်တဲ့ သီချင်းတွေဖွင့် ရွာပတ် အလှူခံတာ လုပ်သင့်လား မလုပ်သင့်လား ဆိုတာ မလုပ်ခင်မှာ စဉ်းစားသင့်တယ်။

အခု အလှူခံနေကြတာ လူမြင်မကောင်းတဲ့ အပြင် အင်မတန် ရှက်ဖို့ ကောင်းတယ်နော်။ ဘာသာ သာသနာဆိုတာ လူအများ စိတ်အေးချမ်မှုရအောင် လုပ်ပေးတဲ့ မြင့်မြတ်တဲ့အရာပါ။လော်စပီကာသံတွေကြောင့် ဆူညံမှုတွေကြောင့် လူတွေရဲ့ နားက မခံနိုင်တော့တဲ့အခါ စိတ်တိုဒေါသတွေ ထွက်လာရော။ အဲ့ဒီအခါ စိတ်အေးချမ်းမှု့ရဲ့ဆန့်ကျင့်ဘက်တွေ ဖြစ်ကုန်ရော။

တစ်ရက်တစ်လေပဲ သည်းခံကြပေါ့လို့ လွယ်လွယ်မပြောပါနဲ။ တစ်ရက်အတွင်းရမဲ့ စိတ်ဒုက္ခက ကြီးတယ်။ လောစပီကာ ဥပဒေ ရှိသော်လည်း ဥပဒေမတည်တဲ့ တိုင်းပြည်၊ ဥပဒေကို မလေးစားတဲ့ တိုင်းပြည် ဖြစ်နေတာ ခံရတဲ့ ပြည်သူတွေ အတွက် မတရားဘူး။ စိတ်မကောင်းဘူး။

လော်စပီကာသုံးတာ လူအများ စိတ်အနှောင့်အယှက်ဖြစ်အောင် စိတ်ဆင်းရဲအောင် လုပ်မှု့နဲ့ ကုသိုလ်မရဘဲ အကုသိုလ်တွေ တလှေကြီး ရမဲ့ အရေးပါနော်။ ဆင်ခြင်နိုင်ကြပါစေ။
အခုတော့ မူးယစ်ဆေးဝါးသုံးသူတွေ ဖမ်းသလို လော်စပီကာ သုံးသူတွေကိုလဲ ဖမ်းပါလို့ သမ္မတကြီးဆီ စာတင်ကြရမယ် ထင်တယ်နော်။ လော်စပီကာသံတွေကို တားဆီးဖို့ ချက်ချင်းရပ်သွားအောင် လုပ်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ လော်စပီကာ မသုံးသင့်ကြောင်း ပညာပေး လုပ်ငန်းတွေ ၊ campaign တွေ ၊ awareness တွေ ရလာအောင် ကြိုးစားပြီး လုပ်ရမယ်လို့ ထင်ပါတယ်။ ။

--

--