ရှင်ရာဟုလာထုံး နှလုံးမူ — ၂

scattered thoughts
scattered thoughts by me
2 min readSep 21, 2019

မြတ်စွာဘုရားသားတော် ရာဟုလာကို အနော် အရမ်းလေးစား သဘောကျမိတဲ့ စိတ်ထားလေး တစ်ခုရှိတယ်။ ရာဟုလာက မနက် အိပ်ယာထတဲ့အခါကျရင် သဲတဆုပ်ယူပြီး ဒီသဲပမာနဲ့ ညီတဲ့ ဆုံးမစကားတွေကို ဆရာတွေဆီက ကြားရပါစေလို့ ဆုတောင်းတယ်။ မြတ်စွာဘုရားက သူ့တပည့်သာဝကတွေကို ပြောဖူးတယ်တဲ့။ လေ့လာ သင်ယူဖို့အတွက်ဆိုရင် ရာဟုလာက အားလုံးထဲမှာ စိတ်အားထက်သန်မှူ့အရှိဆုံးပဲတဲ့။ ချစ်စရာကောင်းတဲ့ စိတ်ဓာတ်ကလေးတွေပါ။ မာနမထားဘဲ မြတ်စွာဘုရား သားတော် ဖြစ်နေတာတောင်မှ ပြောစကား ဆိုစကား နားထောင်ချင်တဲ့စိတ် အပြည့် ရှိတယ်။ အဲ့ဒါကြောင့် ရာဟုလာ ငယ်ငယ်တည်းက ကလေးအရွယ် နားလည်နိုင်မဲ့ မှတ်မိနိုင်မဲ့ ဝေါဟာရတွေကို သုံးပြီး မြတ်စွာဘုရားက တရားဓမ္မတွေ အကြောင်း သင်ကြားပေးခဲ့တယ်တဲ့။ နောက်ပြီး ရှင်မဟာ မောဂ္ဂလန်နဲ့ ရှင်သာရိပုတ္တရာကို ရာဟုလာရဲ့ ဆရာ အနေနဲ့ သင်ကြားခိုင်းတယ်တဲ့။ ရှင်ရာဟုလာလေးက ၇နှစ်ကတည်းက ဆရာကောင်း သမားကောင်းတွေနဲ့ တွေ့ခဲ့တာပေါ့။
Each morning as Rahula awoke, he would take a handful of sand and say: “May I have today, as many words of counsel from my teacher as there are here grains of sand.” As a result of this enthusiasm, the Buddha said of his son that of all his disciples, he was the most anxious for training. When Rahula was still a boy, the Buddha discussed with him aspects of Dharma that were suitable for the young and in such a way as he could understand and remember. (These texts are taken from here.)
တွေးကြည့်မိတယ်။ အဲ့လို ရာဟုလာလို ဆုံးမနာခံချင်တဲ့ စိတ်ဓာတ်ရှိဖို့ ဆိုတာ တကယ်မလွယ်ဘူး။ ဆုံးမမဲ့လူရှိလဲ နာခံတတ်အုန်းမှ။ နာခံမဲ့လူရှိလဲ ဆုံးမမဲ့လူက ရှိအုန်းမှ။ ဒီအကြောင်း၂ခု တိုက်ဆိုင်ဖို့က မလွယ်ဘူး။ ကိုယ့်ကို ဆုံးမပေးမဲ့လူ ၊ လမ်းညှွန်ပေးမဲ့လူ၊ သင်ကြားပေးမဲ့လူ ဒီလိုလူတွေနဲ့ ကြုံခဲ့ဆုံခဲ့ရင် တန်ဖိုးထားပေးပါ။ တွေ့ကြုံခိုက်လေး ကြိုးကြိုးစားစားနဲ့ သင်ယူပေးပါ။ ကိုယ့်ကို တိုးတက်အောင်လုပ်ပေးတာပဲလို့ ခံယူပြီး ဆုံးမတာလေး နာခံကြည့်ပါ။
စိတ်မကောင်းစရာက ခုခေတ်မှာက ဆုံးမလို့လဲ နာခံတာ ရှားသွားပြီ။ မိဘတွေကအစ ငါ့သား ငါ့သမီး မထိနဲ့ မပြောနဲ့ ဆိုတော့ ဆရာ၊ဆရာမတွေကော၊ ဘေးကလူတွေ အတွက်ကတော့ ကလေးတွေကို မဆုံးမ မပြောလဲရတယ်။ အနေသာကြီးပါ။ “ ဪ ငါပြောရင် ငါဆုံးမရင် သူတို့ မကြိုက်ဘူး” ဆိုပြီး အမုန်းမပွါးရအောင် ဆုံးမပေးမဲ့လူတွေက ပြောသင့်တာတွေ မပြောတော့တဲ့အခါ၊ သူတို့ အကြိုက်ဆောင်ပြီး အကောင်းတွေပဲ မျက်လုံးမှိတ်ပြီး ပြောတဲ့အခါ တကယ်ခံရမှာ ဘယ်သူလဲ စဉ်းစားသင့်ပါတယ်။ ဆုံးမသင့်တာတွေ ဆုံးမခြင်း မခံရတဲ့အခါ ကိုယ့်သားသမီးတွေက ဒီထက်ပိုပြီး သိတတ်လိမ္မာမဲ့ အခွင့်အလမ်းကောင်းတွေ အများကြီး ဆုံးရှုံးသွားတယ်။
ကလေးတွေ အသက်ကြီးလာတဲ့အခါ သူတို့ လျှောက်တဲ့လမ်းပေါ် မူတည်ပြီး “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လက်” ဆိုသလို မိဘက ဆုံးမပေးဖို့ လိုတယ်။ နောက်မို့ဆို မိမဆုံးမ ဖမဆုံးမ ကလေးလေးတွေ ဖြစ်သွားမယ်။ ကလေးတွေက ကျောင်းတက်တော့လဲ ကျောင်းမှာဆို ဆရာ၊ဆရာမ တွေ ဆုံးမပေးမှ ရမယ်။ သားသမီးတွေနဲ့ ပက်သတ်ရင် အကောင်းကြီးပဲ မျှော်လင့်နေလို့တော့ မရဘူး။ လုပ်ငန်းခွင်ရောက်ရင် အမြင်မတော်တာရှိရင် ဆုံးမပေးမဲ့လူတွေ ၊ ကိုယ့်ရဲ့ အရည်အချင်းတွေကို တဆင့်ထက်တဆင့်မြင့်အောင် သင်ပေးနိုင်မဲ့ ဆရာကောင်းတွေနဲ့ တွေ့ဖို့ လိုတယ်။ “ ရှေးရှုမေတ္တာ၊ ကရုဏာနှင့် ၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း ၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍ ၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ ၊ ဆရာဟူလေ့ာ။ “ ဆိုတဲ့ ဆရာကျင့်ဝတ်မှာပါသလို ဆရာကောင်းတွေကတော့ အမြင်မတော်တာလေး ရှိရင် ဆုံးမပေးမှာပေါ့။ အဲ့ဒါလေးကို မိဘတွေက open minded ဖြစ်ဖို့ နားလည်ဖို့ လိုတယ်။ အဲ့လိုမှ မဟုတ်ဘူး သားသမီးပဲ အမှန် သူများအမှားဆို ရေရှည်အတွက် စဉ်းစားကြည့်ပေါ့။ ရေရှည်မှာ ဘယ်သူ ခံရမလဲ။ အဲ့ဒါကြောင့် ကိုယ့်သားသမီး မကောင်းကြောင်း ပြောခံရတဲ့အခါ၊ အဆူခံရတဲ့အခါ တဒင်္ဂဖြစ်ပေါ်တဲ့ emotion တွေ မာနတွေကို ခဏလောက် ခွါချထားပါ။ ကိုယ့်ကလေး ရှေ့ရေးအတွက် ရေရှည်ကို စဉ်းစားကြည့်ပါ။ သုံးသပ်ကြည့်ပါ။
အဲ့ဒါကြောင့် သားသမီးတွေကလဲ ဆိုဆုံးမရလွယ်သော ဆုံးမခံချင်သော ရာဟုလာထုံး နှလုံးသွင်းနိုင်ကြပါစေ။ မိဘတွေကလဲ အကောင်းမြင်ပြီး ကောင်းသောစိတ်ဝမ်းနဲ့ open minded ဖြစ်နိုင်ကြပါစေ။ ။

Originally published at https://medium.com on September 21, 2019.

--

--