တွေးမိတွေးရာ

scattered thoughts
scattered thoughts by me
2 min readSep 21, 2019

စစ်ပွဲတစ်ခုကို သွားတိုက်တယ် ဆိုကြပါစို့။ ကိုယ်ကိုယ်တိုင်လဲ ဒီစစ်ပွဲမှာ ပါနေတယ် ဘယ်လိုတိုက်ကြမလဲ တွေးကြည့်မိလား။

စစ်ပွဲမှာ ခေါင်းဆောင်က ရှေ့ကိုတက်လို့ ပြောရင် အကုန်လုံးက ရှေ့တက် တိုက်မှ အဆင်ပြေမှာ မဟုတ်လား။ တစ်ယောက်ချင်းစီ personal မကြိုက်လို့ မခေါ်ချင်ဘဲ နေလို့ရတယ်။ အလုပ်တူတူ လုပ်ဖို့ လိုအပ်ရင်တော့ မခေါ်လို့ မရဘူး။ လုပ်သင့်ကြတာတော့ အတူတူ ပေါင်းပြီး လုပ်ကြရမှာပဲ။ အဲ့လိုမှ မဟုတ်ဘူး။ ခေါင်းဆောင်က ရှေ့တက်ပါဆိုမှ တချို့က နောက်လှည့်ပြန်မယ်။တချို့က တောင်အရပ် သွားမယ်။ တချို့က မြောက် အရပ် သွားမယ်။ အရပ်ပေါင်းစုံ ကိုယ်ထင်ရာ သွားကြတဲ့အခါ ၊ စည်းလုံးမှူ့ မရှိကြတဲ့အခါ ဘယ်အရာမှ အောင်မြင်မှ မဟုတ်ဘူး။

ခေါင်းဆောင်မှာလဲ ခေါင်းဆောင် တစ်ယောက်မှာ ရှိသင့်တဲ့ တာဝန်တွေ ဝတ္တရားတွေ ရှိတယ်။ နောက်လိုက်တွေမှာလဲ နောက်လိုက်တစ်ယောက်ချင်းစီမှာ ရှိသင့်တဲ့ တာဝန်တွေ ဝတ္တရားတွေ ရှိတယ်။ အားလုံးက ကိုယ့်တာဝန် ကိုယ့်ကျေမှ ၊ teamwork စိတ်ဓာတ် အပြည့်ရှိမှ စစ်ပွဲအပါအဝင် ဘယ်အလုပ်မဆို အောင်မြင်မှာပေါ့လေ။ တိုင်းပြည် တည်ဆောက်ရေးမှာလဲ ဒီလိုပါပဲ။ ကိုယ်တွေ တိုင်းပြည်မှာဆို ခေါင်းဆောင်က ရှေ့ကိုသွားချင်တယ်၊ ကျန်နေတဲ့ ကိုယ်တွေလို နောက်လိုက်တွေက ရှေ့ကို သွားဖို့ကို တော်တော်နဲ့ကို ညှိမရဘူး။ ခေါင်းဆောင်တွေကို ကြည့်ပြီး အတော် သနားမိလာတယ်။ ခေါင်းဆောင်တွေကိုပဲ အပြစ်ပြောနေချိန် ကိုယ်တိုင်ကကော နောက်လိုက်တစ်ယောက်အနေနဲ့ တာဝန်ကျေလား မေးကြည့်ပါ။

နောက်ပြီး အနော်တို့ဆီမှာက ဘေးထိုင်ဘုပြောက များတယ်။ ကျောင်းတွေမှာလဲ teamwork တွေနဲ့ အဖွဲ့အစည်းတွေနဲ့ လုပ်ရတာ သိပ်မသင်ခဲ့ကြရတော့ အနော်တို့တွေက ပူးပေါင်းလုပ်ဆောင်မှူ့ပိုင်းတွေမှာ အားနည်းကြတယ်။ ego များတယ်၊ မာန်များတယ်၊ တော်ရုံတန်ရုံတွေက ဆွေးနွေးဖို့တွေက သိပ်မလွယ်ဘူး။ ကိုယ်တိုင် လူကြီးနေရာမှာ ခံစားကြည့်ပြီး ၅မိနစ်လောက် အုပ်ချုပ်ကြည့်လိုက်။ အနော်တော့ အတော် အုပ်ချုပ်ရခက်ပြီး စိတ်ညစ်စရာ ကောင်းတဲ့ တိုင်းပြည်ပဲလို့ တွေးမိတယ်။ အမေစုမို့ စိတ်မညစ်ဘဲ ကြံ့ကြံ့ခံ့နိုင်ပြီး လုပ်နိုင်တယ်၊ အနော်ဆို ၅မိနစ်တောင် မခံနိုင်။ ခေါင်းရှုပ်မခံနိုင်ဘူး။ ကိုယ်သာဆို ဒီတိုင်းပြည်ကို အုပ်ချုပ်မဲ့အစား တောပဲထွက်ပြီး နေဖြစ်မယ်ထင်တယ်။

ကိုယ့်တိုင်းပြည်က သူများတိုင်းပြည်တွေနဲ့ယှဉ်ရင် မအောင်မြင်ဘူး ကျန်ခဲ့တယ်လေ။ ဒါတွေက မဆန်းပါဘူး။ ဘာလို့ကျန်ခဲ့လဲ အပေါ်က ပြောတာတွေနဲ့ ဆက်စပ်တွေးကြည့်ပေါ့။ ပြီးရင် တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်လိုက်။ complain များတယ်လို့ ပြောကြတဲ့ စလုံးတွေတောင် ကိုယ်တွေလောက် ညှိရ မခက်ဘူးလို့ ထင်မိတယ်။ အနာဂတ် မျိုးဆက် ကလေးတွေကို ဘယ်လိုတိုင်းပြည်မျိုးကို အမွေပေးပြီး ကမ္ဘာ့ အလယ်မှာ ထားခဲ့ချင်တာလဲ တချက်လောက် တွေးကြည့်ပါလား။ ပြဿနာပေါင်းစုံနဲ့ ချီးထုတ်တွေ အမွေပေးခဲ့ကြတယ်လို့ ကလေးတွေကတော့ ပြောကြတော့မှာ မြင်ယောင်မိတယ်။ အဲ့ဒါကြောင့် လက်ရှိကာလကို ကျော်ပြီး အနာဂတ်ကို ကြည့်ပေးဖို့ လိုတယ်လို့တော့ ထင်တာပဲ။

ဘာပြောပြော ဝမ်းသာစရာတစ်ခုက အနာဂတ် မျိုးဆက်တွေက ကိုယ့်တွေထက်လဲ လေ့လာအားကောင်းတော့ ကိုယ့်တွေခေတ်မှာ လူကြီးတွေ ဘာလုပ်လုပ် မအောင်မြင်တာတွေ ပူးပေါင်းမှူ့ မရှိတာတွေ သူတို့က ဝေဖန်တတ်လာပြီ။ ငြင်းခုံနေတဲ့ လူကြီးတွေကိုကြည့်ပြီး ကလေးတွေက စိတ်ပျက်တတ်လာပြီ။ နောက်ထပ် ဝမ်းသာစရာက သူတို့ ကျောင်းတွေမှာလဲ ပရောဂျက်တူတူလုပ်ရာတွေပါလာတော့ ကိုယ်တွေထက်တော့ teamwork နေရာမှာ လုပ်တာကိုင်တာ သာလာကြပြီ။ သူတို့လက်ထက်မှာ ကိုယ့်တွေခေတ်တွေကလိုမဖြစ်အောင် နေမယ် ပြောတတ်လာပြီ။

အဲ့ကြောင့် လူငယ်တွေကို မြင်ရင်လဲ စာများများဖတ်ပါ။၊ မြန်မာပြည်ကိုကျော်ပြီး ဘေး ပတ်ဝန်းကျင်က နိုင်ငံတွေကို လေ့လာကြည့်ပါ။ ယှဉ်ကြည့်ပါ၊ ကိုယ့်မှာ လိုနေတာတွေ ကြိုးစားကြည့်ပါ သင်ယူကြည့်ပါလို့ပဲ အမတစ်ယောက်အနေနဲ့ ပြောပြချင်တယ်။
အတော် လူ အမုန်းပွါးမဲ့ post တစ်ခုကို ရေးမိပြီလေ။ ။

--

--