အသက်ကလေးရယ်တဲ့ ရှည်စေလို …

scattered thoughts
scattered thoughts by me
2 min readSep 21, 2019

စလုံးက community clubမှာ yoga သင်တန်းသွားတက်တော့ class မှာ လူ၁၀ယောက်ရှိတယ် ။ ကိုယ်တွေ ၂ ယောက်ကလွဲရင် ကျန်တာက အသက်၆၀ကနေ ၇၅ကြား စလုံး အဖိုးကြီးတွေ အဖွားကြီးတွေ။ သင်တန်း စရောက်တော့ အဖိုးကြီး အဖွားကြီးတွေ များနေတာရယ် သက်တူ ရွယ်တူတွေ မတွေ့တော့ စိတ်ညစ်မိတယ်။ လာသင်တဲ့ ဆရာမကလဲ စလုံး အဖွားကြီးပဲ။ လူကြီးတွေကြား သေပြီပေါ့လို့ တွေးနေတာ။

ဒါပေမဲ့ ဆရာမက အဖွားကြီးသာ ဖြစ်တာ တော်တယ်၊ အတော်စိတ်ရှည် သဘောကောင်းတယ်။ yoga သင်ဖို့ မစခင် အဖိုးကြီး အဖွားကြီးတွေကို ဆရာမက အားပေးနေတယ်။ ဘယ်လိုပြောလဲ ဆိုတော့ သူတို့နိုင်ငံက အခုဆို လူ့သက်တမ်းက ၈၅အထိ တိုးသွားပြီ။ အသက် အရှည်ကြီး နေရအုန်းမှာမို့ ဘဝကို enjoy ဖြစ်အောင် ပျော်ရွှင်အောင် နေတတ်ဖို့ လိုတယ်တဲ့။ သူတို့ အစိုးရဆီမှာ စုထားတဲ့ CPFငွေတွေလဲ သုံးရအုန်းမယ်တဲ့။ သူကတော့ nature ကြိုက်တော့ ခရီးသွားတယ်၊ တောင်တက်တယ်တဲ့။ ကျန်းမာဖို့ သဘာဝ ပတ်ဝန်းကျင် ရှိတဲ့နေရာ များများသွားပါတဲ့။ ကျန်တဲ့လူတွေလဲ သွားတဲ့ပုံပါပဲ။ လူကလဲနည်းတော့ အေးဆေး စကားပြောရင်း ယောဂ သင်တယ်။ no stress ပေါ့။

ဆရာမက စလဲသင်ရော၊ အဖိုးကြီး အဖွားကြီးတွေပါလို့ ပြောတဲ့လူတွေက ဆရာမပြောတဲ့အတိုင်း လုပ်နေတာများ ပေါ့ပေါ့ပါးပါးပဲ။ အကုန်လိုက်လုပ်နိုင်တယ်ဗျ။ အံရော။ ကိုယ်တွေ ၂ယောက်ပဲ ဟောဟဲစိုက်နေလို့ ဆရာမက လိုက်မလုပ်နဲ့၊ သူတို့လုပ်တာကြည့်လို့တောင် ပြောယူရတယ်။ ကိုယ့်ထက် အသက် ၂ဆ ကြီးတဲ့လူတွေ လုပ်ပြတာ ကြည့်ပြီး အားကျနေရကောပဲ။ တကယ့်ကို လူငယ်လေးတွေလိုပဲ။ အနော်တို့က အဖိုးကြီး အဖွားကြီးတွေလို ဖြစ်နေရောပဲ။ ပြောင်းပြန်ပါလား ဗျို့။ မြန်မာပြည်မှာ လဲ အဲ့ဒီအဖိုးအဖွား အရွယ်တွေဆို တုန်တုန်ချိချိ ဖြစ်နေပြီ။ ဒီမှာက လူငယ်နဲ့ အပြိုင် အားကစား လုပ်နိုင်တယ်။ ဖြတ်ဖြတ်လတ်လတ် သွားလာနိုင်သေးတယ်။

အော် ပြောရရင် သူတို့မှာ လူ့ သက်တမ်းရှည်တဲ့ နိုင်ငံ ဖြစ်တာလဲ မပြောနဲ့လေ၊ နေထိုင်စားသောက်မှု့၊ ကိုယ့်လက်လှုပ်ရှားမှု့၊ အားကစားတွေက အတော် လိုက်စားတယ်လေ။ မြန်မာပြည်မှာက လူကြီးမပြောနဲ့၊ လူငယ် တော်တော်များများတောင် အားကစားလုပ်ဖို့ အချိန်မပေးနိုင်ဘူး။ ဝေးဝေးမကြည့်နဲ့။ အနော်တို့ကိုပဲကြည့်။

အဲ့ဒါကြောင့် အဲ့ဒီ ယောဂသင်တန်း သွားတက်ရင်း စဉ်းစားမိတယ်။ အခုဆို ကိုယ့်မြန်မာပြည်က အာဆီယံမှာ သက်တမ်းလဲ အတိုဆုံး၊ GDP လဲ အနိမ့်ဆုံး နိုင်ငံတောင် ဖြစ်သွားပြီ။ တကယ် ဘိတ်ချေး အဆင့်ကို ရောက်နေတာ။ လာအိုတောင် ကိုယ့်ကို ကျော်တက်သွားခဲ့ပြီ။ ကိုယ်တွေက လက်ရှိဘဝကို လက်မခံနိုင်သေး မကြိုးစားနိုင်သေးဘဲ အတိတ်က ရွှေထီးဆောင်းခဲ့ရတဲ့တာတွေကိုပဲ ပြောလို့ကောင်းတုန်း ရှိသေးတယ်။ ဗြဲ။ ဒီထက် ဝမ်းနည်းစရာ ကောင်းတာ ဘာရှိသေးလို့လဲ။

အနော်တို့ နိုင်ငံမှာ ဘယ်သူမဆို မိသားစုတွေနဲ့က ကြာကြာနေချင်တာပဲ။ အဲ့လို နေနိုင်ဖို့ကလဲ မိသားစုဝင်တွေ အားလုံး ကျန်းမာရေး ကောင်းမှ ရမှာ။ မြန်မာပြည်က လူကြီးတွေ အတွက် ကိုယ်လက်အားကစားတို့ yoga တို့ အခမဲ့ သင်တန်းတွေ ရှိရင်ကောင်းမယ်။ အခုက အိမ်ပြင်ထွက် လမ်းလျှောက်ဖို့က နေရာလဲမရှိဘူး။ လမ်းဘေးကပ်လျှောက်ရင် မြောင်းထဲကျမလား၊ ဆိုင်ကယ် ဝင်တိုက်မလား စိုးရိမ်ရတယ်။ အစားအသောက်တွေ ဆိုလဲ မြန်မြန်သေအောင်များ လုပ်ပြီးရောင်းနေတာလား အောက်မေ့ရတယ်။ ရှေ့လျှောက်မှာ FDA က အစားသောက်တွေ စစ်နိုင်မှ သေချာလုပ်ပေးနိုင်မှ တော်ရုံကျတာ။

ဆက်ဆက်တွေးရင် ရင်တွေမောလာရောပဲ။ အဲ့လိုပေါ့လေ သက်တမ်းအတိုဆုံးနိုင်ငံ ဖြစ်သွားရတဲ့ အကြောင်းအရင်းတွေက အများကြီးပဲ။ ဒါတောင် သက်တမ်းက အရင်နှစ်တွေကထက်စာရင် တက်လာတာတဲ့။ သို့သော်လည်း ဆက်လက်ပြီး အောက်ဆုံးမှာပဲ ရှိနေသေးတယ် ဆိုတာ မေ့လို့ မရဘူး။

အဲ့ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ဖို့ ၊ အချင်းချင်း ဂရုစိုက် သတိပေးဖို့ ၊ အစားအသောက်တွေ သတိထားပြီး အသက်ဉာဏ်စောင့်ပြီး နေထိုင်စားသောက်ပါနော်။

ဒီပိုစ့်မှာ စာရှည်သွားတယ်။ ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေ။ ။

--

--