ဒီတစ်ခေါက် COVID -19 2nd Wave နှင့် ကျနော်
ဒီနေ့တော့ UI/UX အကြောင်းဆိုတာထက် ကျနော်တို့ ဒီ COVID-19 ကာလမှာ ကြုံရတဲ့အရာတွေက တစ်ယောက်နဲ့ တစ်ယောက် အကုန်လုံးမဟုတ်တောင် တစ်ချို့တစ်လေတော့ တူနေပြီး တစ်ယောက်နဲ့ တစ်ယောက် relate ဖြစ်မယ်ထင်လို့ ဒီအကြောင်းရေးဖြစ်တာလို့ ကြိုအသိပေးချင်ပါတယ်။
COVID-19 First Wave တုန်းက...
ကျနော်က အခုလက်ရှိလုပ်နေတဲ့ အလုပ်ကို စဝင်ခါစ ဆိုတော့ ….အသစ်အနေနဲ့ Focus လုပ်စရာတွေများသလို ကောင်းတဲ့အမတစ်ယောက်ရဲ့ လက်အောက်ရောက်ခဲ့တဲ့ အတွက် ကျနော့် အတွက် First Wave ဆိုတာ ဘာမှန်းသိပ်မသိလိုက်ပါဘူး။(ဒီလိုပြောတာဟာ ကျနော် ကျော်ဖြတ်ပြီးခဲ့လို့လည်းဖြစ်နိုင်ပါတယ်။)
အခု COVID-19 Second Wave မှာတော့ …
Professional/Work Life
- လစာထုတ်တဲ့ ရက်တွေဟာ ကျနော့အတွက် အဓိပ္ပါယ်မဲ့လွန်းတယ်။
- အလုပ်လုပ်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် communicate လုပ်ရတာ ပိုအားစိုက်ထုတ်ရတယ်။
- ကိုယ့်ဘာသာ ကိုယ်ပဲ UI/UX အလုပ်တွေလုပ်နေရတော့ Team နဲ့ collaboration မရှိတော့ ကိုယ့်ရဲ့ Output တွေကို တစ်ခါတစ်လေ သံသယ ဝင်ချင်တယ်။ ဘာလုပ်လုပ် Not Good Enough လို့ခံစားရတယ်။
Personal Life(ကိုယ်ပိုင်ဘ၀)
ကျနော်က အင်းစိန်မှာနေတာ၊ တစ်နေ့တစ်နေ့ ဖြတ်သွားတဲ့ လူနာတင်ယာဉ်ကားဆိုတာ မရေတွက်နိုင် ပြီးတော့ ည၂ နာရီ ၃နာရီထိ ..လူနာတင်ယာဉ်တွေဖြတ်သွားတုန်းပဲ။
တစ်နေ့နေ့ ငါကူးတဲ့အထဲပါသွားမှာပဲဆိုတဲ့ စိုးရိမ်စိတ်က အခါခါဝင်(ဘာလို့လဲဆိုတော့ အိမ်က လူကြီးတွေဟာ နေ့တိုင်းအပြင်မထွက်ပဲမနေနိုင်ဘူး။ နောက် ဘယ်လောက်ပြောပြော Mask ကို အိမ်ထဲရောက်မှ ချွတ်တာ၊ တစ်ခါတစ်လေ Mask ချွတ်တာက မသုံးရသေးတဲ့ Maskတွေထားတဲ့ ဘူးပေါ်တင်ရင်တင်၊ မတင်ရင် ရေခဲသေတ္တာပေါ်တင်ထားတာ၊ မတင်နဲ့လို့ပြောလည်းခဏပဲ။ အဆိုးဆုံးက ဟိုအရွက်၊ ဒီအသီးတွေကို နေ့တိုင်းစားလို့ ဘယ်လိုပဲဖြစ်ဖြစ်မကူးဘူးလို့ ယုံကြည်နေတာပဲ။)
- ဒါကြီးက မပြီးဆုံးနိုင်ဘူးလို့ ခံစားရတယ်။ တစ်ရက်တစ်ရက် ထမင်းစားတယ်။ အလုပ်လုပ်တယ်။ အိပ်တယ်။ နောက်နေ့လည်း ဒီအတိုင်းပဲ။ အရမ်းပျင်းဖို့ကောင်းတယ်။ မွေးကတည်းက ဒါတွေပဲဆိုတော့ အခုနေ COVID ကူးပြီးသေလည်းအေးတာပဲလို့တွေးတယ်။
- အိမ်မှာ မိသားစုနဲ့ အတူတူနေတဲ့ အတွက် လူကြီးတွေအပေါ် စိတ်မရှည်ချင်ဘူး။
- စိတ်ဓါတ်ကျတယ်။ လမ်းတွေပျောက်တယ်။ကျနော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ ထင်သလောက် နေချင်စရာမကောင်းဘူးလို့မြင်တယ်။
- ကျနော်က နဂိုထဲက chronical insomnia ရှိတယ်။ တစ်ခါတစ်လေ 3နာရီခွဲလောက်ပဲအိပ်ရတဲ့ နေ့တွေရှိတဲ့အတွက် ကိုယ်ခံအားမကောင်းနိုင်ဘူးဆိုပြီးစိတ်ဓါတ်ကျပြန်တယ်။
ဒီလိုတွေဖြစ်ပြီးသကာလ ကျနော့်ကိုယ် ကျနော် မေးတယ်။ဒါတွေက ကျနော်တစ်ယောက်တည်းကြုံနေရတာလား ?
မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးပါပဲ။ အချို့ဆို ကိုယ့်ထက်ပိုဆိုးတယ်။
Professional/Work Life- အလုပ်လုပ်နဲ့ပက်သက်တဲ့ခံစားရတာတွေကို ..
- အချို့အလုပ်ပြုတ်တယ်။ — ကျနော့်မှာ အခုထိအလုပ်ရှိနေသေးတဲ့ အဖြစ်ကို အသိမှတ်ပြုပြီး တန်ဖိုးထားလိုက်တယ်။
- လစာထုတ်တဲ့ ရက်တွေဟာ ကျနော့အတွက် အဓိပ္ပါယ်မဲ့လွန်းတယ်။ — အရင်သုံးဖြုန်းခဲ့လို့ မလှုခဲ့ဘူး။ အခုသုံးမယ့်ပိုက်ဆံတွေကို လှုလိုက်တယ်။ ကိုယ်တတ်နိုင်တာလောက်လေးနဲ့ သူများတွေ ခဏအဆင်ပြေသွားတယ် ဆိုတဲ့အသိနဲ့ လစာထုတ်တဲ့ ရက်တွေဟာ အဓိပ္ပါယ်ရှိရှိဖြတ်သန်းလိုက်တယ်။
- Communication မှာ ပိုအားစိုက်ရတယ်ပင်ပန်းတယ်လို့ မတွေးပဲ။ Remote လုပ်တဲ့ Skill တိုးတယ်။ ဒီ Work From home ကိုသေချာလုပ်နိုင်ရင် ကိုယ်ကတခြားနိုင်ငံကအလုပ်တွေကို Remote လုပ်နိုင်တဲ့ Confidence ရော practice ရောရသွားမယ်လို့တွေးမိတယ်။
- အနာဂတ်မှာ ဒီလိုမျိုးထပ်ကြုံတဲ့အခါ အနေသားကျသွားမယ်လို့တွေးတယ်။
Personal Life(ကိုယ်ပိုင်ဘ၀)အိမ်ကလူကြီးတွေကိစ္စကိုတော့ ….
- သူတို့အခုထိ မကူးသေးတာ ကျေးဇူးတင်လိုက်တယ်။
- ကုန်ခဲ့တဲ့အပတ်က ကျနော့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ အဖွားဆုံးသွားတယ်။ ဒီအချိန်မှာ နာရေးဖြစ်တာနဲ့ ပူဆွေးသောကရောက်ရတာဟာ လွန်လွန်းပါတယ်။ အဲဒီတော့ ကျနော် အိမ်ကလူကြီးတွေ အသက်ရှင်သေးပြီး ကျနော်တို့ကို စောင့်ရှောက်နေတာကို ကျေးဇူးတင်မိတယ်။ သူတို့ကူးပြီး ကျနော်မကူးပဲ တစ်ယောက်တည်းလည်း မကျန်ခဲ့ချင်ပါဘူး။
COVID ကမပြီးနိုင်ဘူး။ ဘဝက အဓိပ္ပါယ်မဲ့ စိတ်ကုန်ပြီး ပျင်းရိခြောက်ကပ်တဲ့ အတွေးတွေကိုတော့ ….
- ကျနော့ အနာဂတ်မှာ ကျန်နေသေးတဲ့ လုပ်ချင်တာတွေ၊ ဖြစ်ချင်တဲ့အရာတွေ၊နောက် ဖန်တီးချင်တဲ့ အမှတ်တရတွေ လှပတဲ့အချိန်အခိုက်အတန့်အတွက် အားတင်းကြိုးစားပြီး နေတယ်။
- ထွက်ချင်တဲ့ ခရီးတွေကို Listထုတ်ပြီး သွားချင်တဲ့နေရာတွေကို Internet ကနေကြည့်ပြီး ငါရောက်အောင်သွားမယ်ဆိုတဲ့ စိတ်နဲ့ သည်းခံအားတင်းပြီးနေတယ်။
- သိပ်အိပ်မပျော်တဲ့ကိစ္စကတော့ နဂိုထဲကမို့လို့ အဲ့ကိစ္စကို သိပ်အာရုံမထားပဲ ပိုစားတယ်။ တစ်ခါတစ်လေ နေ့လည်အိပ်ချင်ရင် ခဏအိပ်လိုက်တယ်။
- စိတ်ပါတဲ့နေ့မှာ စက်ဘီးထွက်စီးတယ်။ လူရှင်းတဲ့ ရန်ကုန်ကို တစ်ဝကြီး enjoy လိုက်တယ်။
စားချင်တာမစားရတဲ့ကိစ္စကတော့ …
- နေ့စဉ်ထမင်းစားဖို့ ရုန်းကန်နေရတဲ့လူတွေအကြောင်းတွေးလိုက်တယ်။ ဆန်ပြုတ်သောက်နေတဲ့လူတွေအကြောင်းတွေးလိုက်တယ်။
အဆုံးသတ်မှာအနေနဲ့ …
- လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ခါတိုင်းထက် စာနာမိတယ်။ သူတို့လည်း သူတို့တိုက်ပွဲဝင်နေရတာပဲလေ။
- အိမ်ကလူကြီးတွေကိုလည်း နားလည်ပေးလိုက်တယ်။ သူတို့လည်း ပူတော့ပူမှာပါ။ လူကြီးလူငယ်ဆိုတော့ မတူတာပေါ့။ ပြီးတော့လည်းအခုချိန်ထိသူတို့ အသက်ရှင်နေတာကိုက ကိုယ့်ကို ဝမ်းနည်းမှုမပေးတာလို့တွေးမိတယ်။
- ကျနော် ညအိပ်တိုင်း ဒီနေ့အထိ COVID မကူးသေးတဲ့အကြောင်းကိုတွေးပြီး ကိုယ့်ခန္ဓာကိုယ်ကိုယ် ကျေးဇူးတင်လိုက်တယ်။
- ရုပ်ရှင်တွေပိုကြည့်ဖြစ်တယ်။ ကိုယ့်ကိုယ်ကို ဒီနေ့ပျင်းနေရင် ပျင်းခွင့်ရှိတယ်ဆိုပြီး အလိုလိုက်တယ်။
- စိတ်ပါတာတွေပိုလုပ်ဖြစ်တယ်။ UI/UX အကြောင်းတွေပို လေ့လာမိတယ်။
- ပြီးတော့ဒီရက်တွေမှာရော နောက် COVID-19 လွန်ပြီးကာလတွေမှာပါ … တစ်ခြားသူတွေနဲ့ ကိုယ့်ကိုယ်လည်း ဒီထက်ပို ကြင်ကြင်နာနာ ဆက်ဆံပေးဖို့ အလေ့အထရအောင်လုပ်နေပါတယ်။
နောက်ဆုံးကတော့ ကျနော်က လူထဲကမှ… စိတ်ကလည်းအင်မတန်ပျော့တဲ့လူဆိုတော့ … အဲ့အဆိုးမြင်တဲ့ စိတ်တွေက တစ်ခါတစ်လေ ဘယ်ကမှန်းမသိ ဖြတ်ခနဲ ဝင်ဝင်လာတာလည်း ရိမ်ခနဲမြင်လိုက် ခဏပျောက်သွားလိုက်နဲ့ပဲ လုံးချာလည်လိုက်ရင်း COVID Second Wave ဟာ တစ်လတိတိတိုင်ခဲ့ပါပြီ။
ခန့်မှန်းခြေနောက်နှစ်လောက်မှာ ကျနော်တို့ကို အရင်ကထက်ပိုလှတဲ့နေ့တွေက စောင့်ဆိုင်းနေနိုင်တယ်လို့ ယုံကြည်ရင်းနဲ့ပဲ ခရီးများအဆုံးထိလျှောက်ကြည့်တာပေါ့နော်။
စာဖတ်သူတို့လည်း အောက်က ကွန်မန့်မှာပဲဖြစ်ဖြစ် Chat Boxမှာဖြစ်ဖြစ်ဒီ COVIDမှာကြုံရတာတွေကို ဘယ်လိုရင်ဆိုင်နေတယ်ဆိုတာ ၀ေမျှ နိုင်ပါတယ်။ကျနော်သိချင်ပါတယ်။
အားလုံးပဲကျေးဇူးပါ။
COVIDကာလမှာ ဘေးရန် ကင်းကွာကျန်းမာပြီး လှပတဲ့နေ့သစ်တွေကို လက်ရှိရော အနာဂတ်မှာပါ ဆုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Stay Safe Naw!