ကျနော်၏ မိဘနှင့် အပေးအယူများ

Zaw Min Aung
Zaw Min Aung
Published in
3 min readJun 24, 2020

အပေးအယူ(၁)
လူမှန်းစသိတော့ ပြင်းပြင်းပြပြ လိုချင်တာ တစ်ခု ရှိတယ်။ မှတ်မှတ်ရရ (၃)တန်းကျောင်းသား လောက်မှာ အဲ့ဒီ့ဟာကို တစ်နေကုန် ဂျီတိုက်ခဲ့တာပေါ့လေ…

အနီးစပ်ဆုံး အလားတူ ဂိမ်းစက်လေးပုံကို ကူးယူဖော်ပြခြင်းဖြစ်ပါတယ်***

အဖေက ကတိတောင်းတယ်… သူဝယ်ပေးရင် ငိုလည်းငိုတာ မဟုတ်တဲ့ အီနေတာ ရပ်မလားတဲ့? “ရပ်မှာပေါ့” ဆိုပြီး ကတိပေးလိုက်တယ်။ အဖေဝယ် ပေးပြီးတော့လည်း ၃/၄ ရက်ဆက်တိုက် ဆော့ ပြစ်လိုက်တာ ခုထိအဲ့ ဂိမ်းစက်လေးကို ပြန်တောင် မကိုင်ချင်တော့ တဲ့ အထိပါပဲ။

အပေးအယူ (၂)
ရပ်ကွက်ထဲက စက်ဘီးပြင်ဆိုင်သားကလည်း BMX စက်ဘီးလေးစီးပြီး ရပ် ကွက်ထဲ ပါတ်ကြွားတယ်။ သူ့ အဖေကလည်း စက်ဘီး အစုတ်လေးတွေကို တစ်နာရီ ၅ိ/ကျပ်နဲ့ ငှားစားတယ်။ ကလေးတွေ အများကြီး ရှိတဲ့ ကျနော်တို့ ရပ်ကွက်မှာ ၄ စီးလောက် ငှားစားတာတောင် သူတို့ အတော် တွက်ခြေ ကိုက်လှပါတယ်။
ရပ်ကွက်ထဲက ကျောက်အောင်တဲ့ သူရဲ့သားကို (ကျနော်နဲ့ ကစားဖော် ကစားဖက်) ကောင်လေးကို စက်ဘီးဝယ်ပေးတော့မှာမို့ လိုက် ကြွားနေတဲ့ အချိန်ကျနော် လည်း အိမ်ကို အပူ ပြန် ကပ်ပါလေတော့ တယ်။

အနီးစပ်ဆုံးစက်ဘီးပုံကို ကူးယူထားခြင်းဖြစ်ပါတယ်***

နေ့လည်နေ့ခင်း တရေးတမော အိပ်ပျော်နေတဲ့ အမေ့ကို အနားကပ်ပြီး ပူစာပါတော့တယ်။ “အမေ… ရပ်ကွက်ထဲက ကျောက်တူးသမားက လေ သူ့သားကို စက်ဘီးဝယ်ပေးမှာတဲ့။ သားလည်း စီးချင်တယ် အမေရယ်၊ ငှားမစီးချင်တော့ဘူး” လို့ ပူစာပါတယ်။
အဖေနဲ့ အမေကလည်း အေးဒါဆို မနက်ဖြန် တစ်ရက်လုံး အိမ်ထဲက အိမ်ပြင် မထွက်နဲ့ လို့ ကတိတောင်းတယ်။ တစ်နေကုန်လို့ တစ်နေခမ်း အိမ်မကပ်တဲ့ ကျနော် ဟာ ((အဲ့ဒီ့အရွယ်)) ဘဝမှာ ပထမဆုံး တစ်နေကုန် အိမ်မှာ နေပြီး ဆော့နေခဲ့ပါတယ်။ အဖိုးနဲ့ အဖွားကတော့ ငရဲ ကျနေသလို ဖြစ်နေတော့တာပါပဲ။
မှတ်မှတ် ရရ အဲ့ ဒီ့နေ့ က အိမ်မှာနေရင်း ဆော့ ဖြစ်တဲ့ ကစားနည်းက ကြောပိုးအိတ် ဂွင်းထဲ ကြိုးကို လျှိုပြီး (၁၅) ပေလောက် မြင့်တဲ့ သရက်ပင်ပေါ်ကနေ ခုန်ချ နည်း ဖြစ်ပါတယ်။
ညနေ ၈နာရီခွဲ​ (၉) နာရီလောက်မှာ အဖေနဲ့ အမေက ဟိုင်းလတ် ကားစီးလုံး ငှားပြီး ကျနော့် အတွက် စက်ဘီးလေး ဝယ်လာခဲ့ပါတယ်။ ဘဝမှာ အလိုချင်ဆုံး စက်ဘီးလေး ကို အဟောင်းပဲဝယ်ပေး လိမ့်မယ်လို့ မျှော်လင့်ထားရာက အသစ် စက်စက် ဂီယာ ပါပြောင်းလို့ ရတဲ့ ဘီးလေး ဝယ် ပေးခဲ့ ချိန်မှာတော့ တစ်ည လုံး အိပ်မပျော် ပဲ
ခြင်ထောင်ထဲက ထွက် ထွက် ပြီးကြည့်ရတာ အမောပါပဲ။ ခြင်ထောင် ထဲက ထွက် မီးဖွင့် ကြည့်တော့ အမ ဖြစ်သူက အော်လို့ အမှောင်ထဲ ငုတ်တုတ်ထိုင်ပြီး စက်ဘီးလေး ကိုင် ထားရတဲ့ အရသာ က ခုစာရေးနေတဲ့ အချိန်မှာတောင် ပြန် ဝမ်းသာနေမိပါတယ်။

အပေးအယူ(၃/က)
၁၉၉၈-၉၉ အိမ်က စီးပွားပျက်တော့ (၆)တန်းကျောင်းသား ဘဝ နွေရာသီ ကျောင်း ပိတ် ကတည်း စျေးရောင်း၊ ပန်းရံလုပ် အပျော် ငွေရှာဖူးထားတဲ့ ကျနော်က ကျောင်းစာလည်း မလိုက်နိုင်မယ့်အတူတူ ကျောင်းထွက်ပြီး အိမ်အတွက် ငွေရှာပေးဖို့ စိတ် ပြင်းပြနေခဲ့ပါတယ်။
၁၉၉၉ခုနှစ် ဖေဖော်ဝါရီမှာ ဖြေတဲ့ (၉) တန်းစာမေးပွဲကို စာမလိုက်နိုင်တဲ့ ကျနော် က အဲ့ဒီ့နှစ်မှာ စာမေးပွဲကျ ခဲ့ပါတယ်။ တိုက်တိုက် ဆိုင်ဆိုင် စီးပွားကလည်း ပျက်၊ အဖေဖြစ်သူကလည်း အဆုတ်ရောဂါ စတင်ခံစားနေရ တဲ့ အချိန်မို့ ရောချ ပြီး ကျောင်းထွက်ဖို့ စိတ်ကူးနေမိပါတယ်။
လူပျိုပေါက်လည်း စဖြစ်နေပြီမို့ ရှက် နေတာလည်းပါတာပေါ့ဗျာ…
တစ်ချိန်က ကိုယ် ကျွေးမွေး ထားတဲ့ သူတွေက (ကလေးအရွယ်တွေဆိုပေမယ့်) ကိုယ် နိမ့်ပါးတဲ့ အချိန်မှာ လှောင်ပြောင် ဟားတိုက် ရယ်မောသံတွေက သိမ်ငယ် စိတ် ဆိုတာလည်း အဲ့ အချိန်မှာ စဝင်ခဲ့တာပဲထင်ပါရဲ့…

ဒီလိုနဲ့… “ကျနော်ကျောင်းထွက်ချင်တယ် အမေ” ဆိုတော့ အမေက ခွင့်မပြုပါဘူး။
တငိုငိုတမှိုင်မှိုင် ဖြစ်ပြီး ကျောင်းပေးမထွက်ပါဘူး။ သူ မအောင်ခဲ့တဲ့ (၁၀)တန်း ကိုတော့ သူ့ သားဖြစ်သူကျနော့်ကို အောင်စေချင်နေပါတယ်။ မိသားစုအခြေအနေ ကိုလည်း ကောင်းကောင်း သိနေပြီဖြစ်လို့ အမေနဲ့ အပေးအယူ စလုပ်ပါတယ်။ ကျောင်းဆက်တက် မယ်။ အောင် မအောင် တော့ မပြောတတ်ဘူး။ ဒါပေမယ့် ကျောင်းက အပြန် ညနေ နဲ့ ကျောင်းပိတ် ရက်တွေမှာ စက်ဘီးကယ်ရီနင်းပြီး ငွေရှာ မှာကိုတော့ ခွင့် ပြုပေးရမယ် ပေါ့…
ဒီလိုနဲ့ အပေးအယူ တစ်ခုတည့် သွားပြီး မနက်ဖက် ကျောင်းတက်၊ ညနေဘက် မိသားစု အိမ်စားရိတ် အတွက် ပိုက်ဆံရှာခဲ့တဲ့ အခြေအနေ ကို ရောက်ခဲ့ပါတယ်။
((၁၉၉၉-၂၀၀၀ ခုနှစ်ကာလတုန်းက ပဲခူးတစ်မြို့လုံး မှာ ကျောင်းတတ်နေရင်း စက်ဘီး ကယ်ရီနင်းခဲ့တဲ့ သူက ကျနော်တစ်ယောက် ပဲရှိတယ်။ အဲ့ဒီ့ အချိန် ကတည်း က Unique ဖြစ်တာကို ကြံဖန် ဂုဏ်ယူနေမိသေးတာတော့ ခက်တယ်))

အပေးအယူ (၃/ခ)
၂၀၀၀ ခုနှစ် ဖြေတဲ့ ကျောင်းဖြေ(၁၀)တန်းစာမေးပွဲ ကလည်း အကြောင်းတစ်ခု ကြောင့် ကျနော် ထပ်ကျခဲ့ ပြန်ပါတယ်။ ဒီအခါမှာလည်း ဆက်မဖြေ ဖို့ အတွက် အမေ့ ကို ပြောပြနားချပါတယ်။ အမေကလည်း ခွင့် မပြုပါဘူး။ (၁၀) တန်းအောင် ရင် တော်ပါပြီ ဟယ် ဆိုပြီး ထပ် စျေးဆစ်ပြန်ပါတယ်။
ဒီတော့ ပြန် ညှိရပါတယ်။
ဟုတ်ပြီ အမေ… “(၁၀)တန်းကို အောင်တဲ့ အထိဖြေပေးမယ်၊ အမေ ကျနော့်ကို စာမကျက်ခိုင်းနဲ့ ပေါ့။ (အမှန်တော့ ကျနော်ဟာ အသက် မပြည့်ပဲ ကျောင်းတက်ခဲ့ရသူမို့ စာကို တစ်ခါမှ မကျက်နိုင်၊ မမှတ်နိုင်ခဲ့ပါဘူး။ ၉ တန်း ဒုတိယနှစ် ရောက်မှ အပြင် ကျူရှင်ဆရာက ပညာဒါန သင်တော့မှ နည်းနည်း စာကို စပြီး လိုက်နိုင် ခဲ့တာပါ။)
(၁၀) တန်းကျောင်းသားဘဝမှ ရူပဗေဒ ဆရာမရဲ့ အထင် အမြင်လွဲခံရမှု့ ကြောင့် ဂုဏ်ထူး ထွက်ဖို့ အထိ မှန်းထားခဲ့ ပေမယ့် ဆရာမကို အရွဲ့ တိုက် ပြီး ကျောင်းစာ ကိုဆက်မလုပ်ခဲ့တော့ ပါဘူး။ အမေကတော့ အဲ့ဒီ့ အနှိမ်ချ ခံခဲ့ရတဲ့ ဇတ်လမ်း မသိလိုက်ခဲ့ပါဘူး။
ဒါ့ကြောင့် စာကို ခိုးချပြီးဖြေမှာဖြစ် ကြောင်း ကိုယ့်ဘာသာ ဆုံးဖြတ်ထားတာမို့ အမေ့ကို စညှိပါတယ်။
(၁) စာမကျက်ခိုင်းရ
(၂) ခိုးချပြီးဖြေမှာဖြစ်တယ်
(၃)​လိုအပ်ရင် Micro Copy တွေကူညှပ်ပေးရမယ်
(၄)​စာမေးပွဲဖြေတဲ့ အခါ ပရိတ်ကြီး (၁၁)သုတ် ကို မိဘမေတ္တာနဲ့ ပိုထိရောက် အောင် ကျောင်းမှာ လိုက်ရွတ် ပေးရမယ်ပေါ့…

သားအမိ နှစ်ယောက် ရဲ့ ကြိုးစားအားထုတ်မှုနဲ့ တတိယ အကြိမ်ဖြေဆိုတဲ့ ၂၀၀၃-၂၀၀၄ ခုနှစ် မှာ (၁၀)တန်းစာမေးပွဲကို ထိုက်ထိုက်တန်တန် ခိုးချပြီး အောင်မြင်ခဲ့ပါတော့ တယ်။

*** ထိုက်ထိုက်တန်တန်ခိုးချအောင်မြင်ခြင်း အဓိပ္ပါယ်ဖွင့်ဆိုချက်***
၂၀၀၃ ခုနှစ် ဗိုလ်ချုပ် ခင်ညွန့်လက်ထက် တွင် အထူးစီမံချက် “Micro စာရွက်တစ်ရွက်မိ” မှင်နီခြစ် (၃) နှစ်စာမေးပွဲဖြေဆိုခွင့်မရှိ + စာမေးပွဲဖြေဆိုအခန်း ထိ [အဝင်ဝ တစ်ကြိမ်၊ ကျောင်းဝင်းအတွင်း တစ်ကြိမ်၊ စာမေးပွဲဖြေဆိုခန်း အဝ တစ်ကြိမ် ပုဆိုးပါ ခါချ ပြရ၍ စစ်ဆေးခြင်း](၃) ကြိမ် စစ်ဆေးရေး ပြုလုပ်သည့် နှစ်တွင် အစစ အရာရာကို မိဘမေတ္တာ နှင့် ပရိတ်ကြီး (၁၁)သုတ် အစွမ်း ဖြင့် ကျော်လွှားအောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။

မှတ်ချက်။ ။
အသက်မပြည့်ပဲ ကျောင်းတတ်ခဲ့ရတဲ့ ကျနော်ဟာ ဒုတိယတန်းမှ စတင်၍ စာခိုးချ ခြင်း အတတ် ပညာ အား ကိုယ်တိုင်လေ့လာရှာဖွေ ၍ ကျွမ်းကျင်စွာတတ် မြောက် ယုံသာမက ပြန်လည် သင်ကြားပို့ချ ပေးသူ အဆင့်တွင် ရှိခဲ့ပါသည်။

--

--

Zaw Min Aung
Zaw Min Aung

မနေ့ကဇော်မင်းအောင်ကိုဒီနေ့ဇော်မင်းအောင်က ယှဉ်ပြိုင်ရင်း ဒစ်လည်နေတဲ့ကောင်ပါ။ ခင်ဗျားတို့အတွက်ဘာမှ မဟုတ်လောက်ပါဘူး။