Nyi Nyi Lin
3 min readJan 13, 2022

Inverter ဝယ်တော့မည်ဆိုလျှင်

အခုတလောမီးတွေ ခဏခဏပျက်တော့ wfh သမားတွေအတွက် inverter ဝယ်ဖို့ကို စဉ်းစားလာရပါတယ်
အဲအခါ ဘယ်လောက်လောက်ပိုက်ဆံကုန်ကျမလဲ ဘာတွေ သုံးမှာလဲ battery ကဘယ်လောက်တန်သုံးရမလဲ ကိုယ့်လိုမျိုးမေးခွန်းတွေ ထွက်လာခဲ့ရင် inverter အမျိုးအစား unit တွေတွက်ပုံကို ကိုယ်လေ့လာထားတာလေးကိုပြန်ပြောပြချင်လို့ပါ
ကိုယ်လည်း အစက amp တို့ V တွေ W တွေနဲ့ ပတ်ချာလည်ပြီးပြီ ကိုယ့်လို နောက်လူတွေ မလည်အောင်ပါ

ကိုယ်ဟာလျှစ်စစ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့သူမဟုတ်ပါဘူး ဒီလိုပဲ စာဖတ်ပြီး နားလည်သွားတဲ့ဟာကိုချရေးပြတာပါ အမှန်တကယ်ဝယ်ဖြစ်တဲ့အခါ ဆိုင်ကိုသေချာအောင်ထပ်မေးသင့်ပါကြောင်း

စဝယ်တော့မယ်ဆို inverter ကစဝယ်ရပါမယ်
inverter အကြောင်းပြောရင် အဓိက 2 မျိုးလောက်ရှိပါတယ်

  • အိမ်သုံးမီးထွန်းတဲ့ inverter
  • pure sinewave inverter

အိမ်သုံးမီးထွန်းတဲ့ inverter ကမီးထွန်းလို့ပဲကောင်းပါတယ် ဖုန်းအားသွင်းတာတွေ ရေခဲသေတ္တာ ကွန်ပျူတာ မသုံးသင့်ပါဘူး
သူကထွက်တဲ့ လျှစ်စပ်လှိုင်းက ပုံမှန် EPC ကလာတဲ့ လှိုင်းနဲ့မတူပါဘူး ဖြစ်နိုင်ရင် မီးပဲထွန်းစေချင်ပါတယ် သူရဲ့အားသာချက်က ဈေးသက်သာပါတယ် အားနည်းချက်က battery အားပြည့်လား မပြည့်လားဆိုတာ မသိပါဘူး အားပြည့်လို့ ဆက်မသွင်းတာမျိုးလည်း မလုပ်ပေးပါဘူး လူကသတိထားပြီး အားသွင်းပေးရပါတယ် battery ကအားအရမ်းနည်းလည်း အလုပ်လုပ်ပေးပါတယ် ကြာရင် battery ထိပါတယ် EPC မီးလာရင် battery မီးကနေ ပြောင်းပေးတာမျိုးလည်းမလုပ်နိုင်ပါဘူး ဒါပေမယ့် ဈေးသက်သာလို့ ကိုယ်ကညဘက်မီးပျက်လို့ မီးပဲထွန်းမယ်ဆို ရွေးချယ်သင့်ပါတယ် 3000 4000 နဲ့တင်ရနေပါပြီ

နောက်တစ်ခုက pure sine wave inverter. သူက EPC ကလာတဲ့ လျှပ်စစ်မီးနဲ့ အနီးစပ်ဆုံးတူပါတယ် အဲတော့ laptop တွေ ရေခဲသေတ္တာ‌တွေ ထမင်းပေါင်းအိုး‌တွေ စိတ်ချလက်ချသုံးနိုင်ပါတယ် သူက UPS သဘောမျိုး အလုပ်လုပ်တာပါ မီးပျက်သွားရင် ပျက်လို့ပျက်မှန်းမသိအောင် EPC မီးကနေ battery ကိုပြောင်းပေးတာ အရမ်းမြန်ပါတယ် အမြဲတချိန်လုံးတပ်သုံးနေလို့ရပါတယ် battery အားပြည့်ရင် auto အားမသွင်းတော့တာတွေ battery ကို 80 percent လောက်ပဲကုန်အောင်သုံးပြီး ဖျက်ချတာတွေ တော်တော်လေး စုံစုံလင်လင်ပါပါတယ်
အားနည်းချက်က ဈေးအရမ်းကြီးပါတယ် အိမ်သုံး inverter ရဲ့ နှစ်ဆလောက်ထိရှိတတ်ပါတယ် ဈေးကွက်ထဲမှာ luminous တံဆိပ်ကနာမည်ကြီးပြီး prolink တို့ကလည်း ထုတ်ထားတာ‌တွေရှိပါတယ်

pure sinewave inverter အကြောင်းပြောရင် သူ့မှာ ongrid, offgrid, hybrid ဆိုပြီး ထပ်ခွဲထားတာရှိပါတယ်

ongrid pure sinewave inverter က EPC မီးနဲ့ တချိန်လုံး ချိတ်ထားပြီး သုံးလို့ရပါတယ် သင်ဟာ solar နဲ့ချိတ်သုံးချင်တယ်ဆိုရင် ကြားထဲမှာ MTTK solar controller လိုမျိုး ထပ်ဝယ်ရပါတယ် အကြမ်းဖျင်းအားဖြင့် solar နဲ့တိုက်ရိုက် ချိတ်သုံးလို့မရပါဘူး

offgrid pure sine wave inverter ကတော့ solar နဲ့သီးသန့်သုံးဖို့ပါ သူ့မှာ EPC ကလာတဲ့ မီးကြိုးဝင်ဖို့ကြိုးမပါပါဘူး တချို့အမျိုးအစားက solar နဲ့ တိုက်ရိုက်ချိတ်ဖို့ solar controller ပါတာရှိသလို့ သပ်သပ်ထပ်ဝယ်ရတာမျိုးလည်းရှိပါတယ် EPC အဝင်လက်မခံရင် offgrid လို့ပြောလို့ရပါတယ် သူကတော့ လျှပ်စစ်မီးလုံးဝမရတဲ့နယ်ဘက်မှာ solar နဲ့ အဓိကသုံးပါတယ်

နောက်တစ်ခုက Hybrid pure sine wave inverter သူကတော့ EPC ကအဝင်ရော solar ဆီကအဝင်ပါလက်ခံပါတယ် hybrid အများစုက solar ဆီကဦးစားပေးသုံးပြီး မနိုင်တော့မှ EPC ကဟာယူသုံးပါတယ် သူ့ဘာသာ ထိန်းပါတယ် ကိုယ်ဘာမှလုပ်စရာမလိုပါဘူး မီတာခသက်သာပါတယ် အားနည်းချက်က ဈေးကြီးပါတယ် ongrid offgrid ထက်ဈေးပိုကြီးပါတယ်

ဒီလောက်ဆို inverter အကြောင်းအကြမ်းဖျင်းသိမယ်ထင်ပါတယ်

simulated sine wave ဆိုတဲ့ အမျိုးအစားတစ်ခုတော့ရှိပါသေးတယ် သူက pure sine wave လိုလည်း sine wave အတိအကျကြီးမဟုတ်ပါဘူး တချို့ဟာသုံးလို့ရတယ်ပြောပေမယ့် ကိုယ်ကတော့ အားမပေးချင်ပါဘူး မီးထွန်းဖို့ဆို normal inverter သာဝယ် တခြားဟာသုံးမယ်ဆို pure sine wave သာဝယ်ပါ ဈေးကြီးတဲ့ ပစ္စည်းတွေမပျက်တော့ဘူး

inverter အမျိုးအစားပြီးပြီဆိုတော့ ဝန်အားလို့ခေါ်မလား Watt ကိုစဉ်းစားရပါတယ်

inverter တွေက
300 W
500 W
1000 W

1.5 kW
2 kW အစရှိသဖြင့်ပေါ့
ဒါကဘာကိုဆိုသလဲလို့ဆိုရင် 300 W inverter က တချိန်တည်းမှာ စုစုပေါင်း 300 W ကိုပဲ ထုတ်ပေးပါတယ် သူ့ထက်ကျော်သုံးရင် overload ဖြစ်ပါတယ် အဲတော့ ကိုယ်သုံးချင်တာ ဘယ်လောက် လဲလို့တွက်ရပါတယ်

ဘယ်လိုတွက်ရလဲဆိုရင် အိမ်ကလျှစ်စစ်ပစ္စည်းတွေမှာ ဒီ ပစ္စည်းက ဘယ်လောက် W သုံးလဲရေးထားပါတယ်

နမူနာအားဖြင်
4 ပေမီးချောင်း 40W

2 ပေမီးချောင်း 20 W
အိမ်က TV ကတော့ 42 W
ရေခဲသေတ္တာကတော့ 100W စွဲပါတယ်

laptop adapter က 64W

ထမင်းပေါင်းအိုးက 700W to 1000 W လို့ပြောပါတယ်

(သေချာအောင် ကိုယ့်အိမ်ကဟာကိုရှာဖတ်ကြည့်ပါ brand ပေါ်မူတည်ပြီးကွာတတ်ပါတယ်)

ဥပမာ ကိုယ်က 4 ပေမီးချောင်း 5 ချောင်းပဲထွန်းမယ်ဆို 40*5 =200 Wပဲတချိန်တည်းသုံးပါတယ် တစ်နာရီကို 200W ပဲကုန်မှာပါ W ပြောရင်အမြဲ တစ်နာရီမှာ သုံးတာလို့တွဲမှတ်ပေးပါ
အဲတော့ 300 W inverter ကို သုံးပြီး မီးချောင်း 5 ချောင်း တချိန်တည်း တပြိုင်တည်းထွန်းထားလို့ရပါတယ် inverter နိုင်ပါတယ်
အချိန်ဘယ်လောက်ခံမယ်ဆိုတာကတော့ အောက်မှာဆက်ရှင်းပြပါမယ်
ဆိုတော့ ကိုယ်သုံးမယ့် အားကို ကြိုတွက်ပါ ပြီးမှ inverter ဘယ်လောက် W တန် ဝယ်ဖို့ ဆုံးဖြတ်ပါ W ပေါ်မူတည်ပြီးဈေးကွာပါတယ်
W အတိအကျကြီးသိဖို့တော့မလိုအပ်ပေမယ့် အကြမ်းဖျင်းဘာတွေသုံးမယ်ဆိုတာကတော့ သိထားရင် မလိုအပ်ပဲ မီးထွန်းဖို့ကို 1000 W inverter ကြီးဆိုင်ကရောင်းလိုက်တိုင်း မဝယ်ဖြစ်တော့ပါဘူး
W တွက်ရင် အမြဲပိုတွက်ပါ ပိုပိုလိုလိုရှိထားတာ ပိုကောင်းလေ့ရှိပါတယ်

W တွက်ပုံတွက်နည်းက inverter အတွက်မှမဟုတ်ပါဘူး မီးအားမြင့်စက်ဝယ်မယ်ဆိုလည်း အဲလိုပဲ တွက်ပြီးစဉ်းစားရပါတယ်
မီးစက်ဝယ်မယ်ဆိုလည်း အတူတူပါပဲ

inverter မှာ နောက်တစ်ခုက 12V 500W inverter, 24V 500W inverter ဆိုပြီးရေးထားလေ့ရှိပါတယ် 500 W အကြောင်းကတော့ အပေါ်မှာပြောခဲ့ပြီးပါပြီ V အကြောင်းဆက်ပြောပါမယ်

12 V, 24V ဆိုတာဘာကိုပြောတာလည်းဆိုရင် inverter ထဲကို ဝင်ရမယ့် battery ရဲ့ Voltage ပါ
24 V inverter နဲ့ချိတ်မယ့် battery က 24 V ထုတ်ပေးရပါမယ် အဲတော့မှ အလုပ်လုပ်နိုင်မှာပါ 24V inverter ကို 12 V battery တစ်လုံးထဲတပ်ရင် အလုပ်မလုပ်ပါဘူး
24 V inverter ကို 12 V battery နှစ်လုံးကို series ချိတ်ပေးမှ အလုပ်လုပ်မှာပါ
ကိုယ်သံုးမယ့် battery နဲ့ ချိန်ဝယ်ပါ ကိုယ်က battery တစ်လုံးပဲဝယ်နိုင်တယ်ဆို 12 V inverter ပဲဝယ်ပါ 24 V ဆို 12 V battery နှစ်လုံး မဖြစ်မနေဝယ်ရမှာပါ ဒါမှမဟုတ် 24 V battery ဝယ်ကိုဝယ်ရမှာပါ ဈေးပိုကြီးပါတယ်
V များရင်ဘာပိုကောင်းလည်းဆိုတော့ battery တစ်လုံးနဲ့ အချိန်အကြာကြီးသုံးလို့ရတယ်လို့ အကြမ်းဖျင်းမှတ်လို့ရပါတယ်

inverter အကြောင်းသိပြီးဆို အဲ inverter နဲ့ အချိန်ဘယ်လောက်သံုးရမလဲဆိုတာသိဖို့က battery ပေါ်မူတည်ပါတယ်

battery ကဒီလိုလာပါတယ်

12V 60Ah

12V 80Ah

12V 100Ah

24V 100Ah စသဖြင့်ပေါ့
ဒီမှာက battery ဆို 50 အား 60 အားလို့ပြောကြပါတယ် unit က Ah ပါ

battery အားကို W ဘယ်လိုပြောင်းလဲဆိုရင်

V*Ah = Wh ပါ

ဥပမာ 12V 60Ah ဆိုမြောက်လိုက်ရင် 720Wh ရပါတယ်
ဒါကဘာကိုပြောတာလည်းဆိုရင် စုစုပေါင်း 720W ထုတ်ပေးနိုင်ပါတယ်
ကိုယ်က မီးချောင်း 5 ချောင်းပဲထွန်းမယ် 40W * 5 = 200W သုံးမယ် အပေါ်မှာပြောခဲ့သလို တစ်နာရီကို 200W ကုန်ပါတယ်
battery က 720W ထုတ်ပေးနိုင်တဲ့အတွက် 720 ÷200 = 3 နာရီဝန်းကျင်တော့ ခံပါတယ်
ဒါပေမယ့် simulated sine wave inverter တွေမှာ battery ကိုအကုန်မသုံးပါဘူး 80 percent လောက်ပဲသုံးပါတယ် အဲဒါကိုထည့်တွက်ပေးပါ
ဆိုတော့ အိမ်ကမီးပဲထွန်းမှာ မီးချောင်း ငါးချောင်းပဲ ဆို 300W normal inverter, 12V 60Ah battery နဲ့ဆို ငါးချောင်းလုံးတပြိုင်တည်းထွန်းရင် 3 နာရီပတ်ဝန်းကျင်ခံပါတယ် သူ့ထက်ပိုခံချင်ရင် battery အားပြင်းတာတပ်ပေါ့ အဲလိုပါ

battery မှာလည်းအမျိုးအစားတွေရှိပါသေးတယ် acid, gel type စသဖြင့်ပေါ့ facebook မှာ ဒါလေးတွေ့လို့ ထည့်ပေးလိုက်ပါတယ်

အရည်အိုးတွေက acid အိုးပါ မိုးရည်လျော့ရင်ထည့်ပေးရပါတယ်
Gel type တို့ ကလည်း ဘာမှလုပ်ဖို့မလိုပါဘူး

battery မှာလည်းသက်တမ်းကရှိပါတယ် သုံးတာကြာရင် Ah ကျလာပြီး သိပ်ကြာကြာမခံတော့ပါဘူး

ဒီလောက်ဆိုရင် အကြမ်းဖျင်းတွက်တတ်ပြီထင်ပါတယ်

solar နဲ့ချိတ်မယ်ဆို သူ့မှာလည်းတွက်ပုံရှိပါတယ် solar ကဈေးအရမ်းကြီးတော့ လောလောဆယ် တပ်ဖို့ အစီအစဉ်မရှိတော့ မလေ့လာဖြစ်သေးဘူး
သိရင်လည်း ပြန်ပြောပြပေးပါ
ကျေးဇူးတင်ပါတယ်

Part 2

https://medium.com/@nyinyilin/inverter-%E1%80%9D%E1%80%9A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%B7%E1%80%99%E1%80%8A%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%9C%E1%80%BB%E1%80%BE%E1%80%84%E1%80%BA-part-2-a70d9c050a82